စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်က စစ်တပ်အထိုင်ချစခန်ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်က ၄ ဦး သေဆုံးခဲ့တယ်လို့ Royal Tiger Force ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန် ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့ (အတုအယောင်ရွေးကောက်ပွဲ တတိယပိုင်း ကျင်းပတဲ့နေ့) မှာ ဆားလင်းကြီးမြို့ပေါ် စစ်သားနဲ့ရဲ ပူးပေါင်းအင်အား ၁၀၀ ကျော်အထိုင်ချတပ်စွဲထားတဲ့ စစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေအပြင် ဒရုန်း (Drone) တွေနဲ့ပါ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
“ခန့်မှန်းခြေ တိုက်ပွဲကြာချိန် ၁နာရီကျော် ၂ နာရီဝန်းကျင်လောက် ကြာတယ်။ လက်နက်ကြီးတွေ ဒရုန်းတွေအပြင် အနီးကပ်လည်း ဝင်ရောက်ပစ်ခတ်ခဲ့တာ။ ဒီစခန်းက ဝမ်ပေါင်စက်ရုံနဲ့ အနီးကပ်ဆုံးနေရာမှာ ရှိတာမို့လို့ အင်အားကို အများကြီး ချထားတာ” လို့ Royal Tiger Force ပြောက်ကျားတပ်ဖွဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံက မောင်းကို ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၁ ဦး မျက်မြင်သေဆုံးခဲ့ပြီး နောက်ထပ် ၃ ဦး သေဆုံးခဲ့တာကို တပ်တွင်း သတင်းရင်းမြစ်တွေက တဆင့် အတည်ပြုနိုင်ခဲ့တယ်လို့ သိရပါတယ်။
“တိုက်ပွဲစဖြစ်တော့ ၇ယောက်၊ ၈ယောက်လောက်က ရှေ့ဆုံးကနေ ထွက်လာတာ။ အဲ့မှာ အင်္ကျီအမဲနဲ့ တယောက်က လုံးလုံးမှောက်သွားပြီး ကျန်တဲ့ကောင်တွေ ပြန်ပတ်ပြေးတာ။ နောက်မှ စခန်းထဲက ဖရဲသီးဆီက ၃ ယောက် ထပ်သေတယ် ဆိုပြီးသိရတယ်” လို့ သူကဆက် ပြောပါတယ်။
အဲ့ဒီ တိုက်ခိုက်မှုကို Royal Tiger Force ပြောက်ကျားတပ်ဖွဲ့နဲ့ အတူ ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ လက်ရုံးတပ်)၊ ဆားလင်းကြီးမြို့နယ် ပလဖ၊ C.D.F ချင်းတွင်းကာကွယ်ရေးအဖွဲ့၊ မျိုးဆက်သစ်လူငယ် S.P.D.F၊ Solo အောင်ကြီး၊ SRA၊ ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ BED ငညို ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကနေ မဟာမိတ်ညီနောင်တွေအဖြစ် ပူးပေါင်းဆင်နွှဲခဲ့ကြတာလို့ သိရပါတယ်။
တိုက်ပွဲအပြီးမှာတော့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တွေဘက်က အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
