မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ် တောင်ဘက်ခြမ်းက စစ္စနို့ကျေးရွာမှာ ဗမာပြည်ကာကွယ်ရေးတပ် (USBA) နဲ့ အကြမ်းဖက်စစ်တပ်တို့ အနီးကပ်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်က (၄) ဦး နေရာတွင်ပွဲချင်းပြီး သေဆုံးသွားတယ်လို့ USBA က သတင်းထုတ်ပြန်ထားပါတယ်။
ဒီကနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့၊ နေ့လယ် ၁၂ နာရီဝန်းကျင်အချိန်မှာ စစ္စနို့ကျေးရွာအတွင်း တော်လှန်ရေးရဲဘော်တွေ လူထုစည်းရုံးရေးလုပ်ငန်း ဆောင်ရွက်နေ့ချိန် သတင်ပေး (ဒလံ) က သတင်းပေးပို့ လိုက်တာကြောင့် အကြမ်းဖက်စစ်တပ်က သိရှိသွားတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ကျေးရွာမြောက်ဘက် ၁ ကီလိုမီတာအကွာ လမ်းဆုံဂိတ်က အကြမ်းဖက်စစ်တပ်အဖွဲ့ဝင် ၂၀ ကျော်ဟာ တော်လှန်ရေးရဲဘော်တွေကို စီးနင်းတိုက်ခိုက်ဖို့ လာရောက်ချဉ်းကပ်ခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း အကြမ်းဖက်စစ်တပ် တပ်ဖွဲ့ဝင်တွေ ဂိတ်စခန်းကနေ ထွက်လာတာကို USBA အဖွဲ့က သတင်းကြိုရခဲ့တာကြောင့် ကျေးရွာအဝင် မီတာ ၃၀ ဝန်းကျင်မှာ အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

“တိုက်ပွဲက အနီးကပ်ပါ။ ပြင်းထန်ပါတယ်။ မကြာပါဘူး။ ခဏပဲကြာခဲ့ပါတယ်” လို့ ဗမာပြည်ကာကွယ်ရေးတပ် – USBA ပြန်ကြားရေးတာဝန်ခံ ကိုသာချိုက မောင်းကို ပြောပါတယ်။
တိုက်ပွဲချိန် ၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး ရှေ့ဆုံးကနေ အနီးကပ်တက်လာတဲ့ အကြမ်းဖက်စစ်သား ၄ယောက် သေဆုံးသွားတာကို မျက်မြင် တွေ့ခဲ့ရတယ်လို့ သိရပါတယ်။
တိုက်ပွဲကနေ USBA တပ်ဖွဲ့ဝင်တွေ ထိခိုက် ဒဏ်ရာရရှိမှု မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ စစ်တပ်ဟာ အင်အားတွေ ထပ်တိုးထားပြီး စစ္စနို့ကျေးရွာအတွင်းဝင်ရောက်နေပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့လည်း ရမ်းသန်းပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
“တော်လှန်ရေးတပ်တွေ မရောက်လာခင်က စစ်တပ်အောက်ကို ဒူးထောက်နေခဲ့ရပေမယ့် အခုတော်လှန်ရေးတပ်တွေ ရောက်လာပြီးတဲ့ အချိန်မှာတော့ အားတက်သရော ပူးပေါင်းပေးကြဖို့ ပြောချင်ပါတယ်” လို့ ကိုသာချိုက ဆက်ပြောပါတယ်။
စစ္စနို့ကျေးရွာဟာ စစ်ကောင်စီယန္တရား လည်ပတ်နေတဲ့ ကျေးရွာဖြစ်ပြီး စစ်တပ်ကို အားပေးထောက်ခံသူများပြားတဲ့ ဒေသတစ်ခုလည်း ဖြစ်တယ်လို့ သိရပါတယ်။