စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်က အကြမ်းဖက်စစ်ကော်မရှင်တပ်စွဲထားတဲ့ နေရာတွေကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းဗုံးသီးနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ ချင်းတွင်းဒိုင်းနမိုက် ပြည်သူကာကွယ်ရေးအဖွဲ့ (Salingyi) ဆီက သိရပါတယ်။
ဇန်နဝါရီ ၂၅ ရက် မနက် ၁၁ နာရီခွဲကနေ ညနေ ၃ နာရီခွဲအထိ ဆားလင်းကြီးမြို့ပေါ်က ရဲစခန်း၊ မင်းကန်ကြီး၊ တာဝတိ့သာကျောင်း၊ ထွေအုပ်ရုံးစတဲ့ နေရာတွေကို ဒရုန်းနှစ်စီးနဲ့ တစ်ချိန်ထဲ သွားရောက် တိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
” တစ်ချိန်ထဲ ၄ နေရာခွဲတိုက်ခိုက်ခဲ့တာ၊ လေးဖွဲ့ခွဲပြီးတိုက်ခိုက်ခဲ့တာဖြစ်တယ်။ ဒရုန်းက နှစ်စီးနဲ့ချတာ။ သေဆုံးထိခိုက်မှုကတော့ ရှိမရှိစုံစမ်းနေတယ်” လို့ ချင်းတွင်းဒိုင်းနမိုက် ပြည်သူကာကွယ်ရေးအဖွဲ့ (Salingyi) တာဝန်ခံက မောင်းကို ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးသူနဲ့ ဒဏ်ရာရသူတွေ ရှိပေမယ့်လည်း အရေအတွက် အတိအကျကိုတော့ မသိရှိရသေးဘူးလို့ ဆိုပါတယ်။
အထိနာသွားတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ ၆၀ မမ၊ ၄၀ မမ၊ လက်နက်ငယ်တွေ၊ စက်လက်နက်တွေနဲ့ပြန်လည် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
အခုလိုတိုက်လိုက်ခံရတဲ့ အတွက် အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေဟာ မြို့ပေါ်မှာ လုံခြုံရေးတိုးမြှင့်တာနဲ့ စစ်ဆေးတာတွေ မလုပ်ရဲတော့ပဲ စခန်းထဲမှာသာ နေထိုင်ကြတယ်လို့ ဆိုပါတယ်။
” ကျွန်တော်တို့ သေဆုံးမှုနဲ့ ပတ်သက်တာတော့ ဘာမှမပြောနိုင်သေးဘူး။ ပစ်ခတ်မှုဖြစ်ပွားပြီနောက်ပိုင်း စစ်ဆေးရေး ကြမ်းတာတို့ဘာတို့မရှိဘူး။ မြို့ပေါ်မှာ သူတို့မလုပ်ရဲဘူးဖြစ်နေတယ်။ ဘယ်မှမထွက်ရဲဘူး စခန်းထဲမှာပဲ နေနေကြတာ။ စခန်းထဲ ကျရောက်ပေါက်ကွဲတာတွေရှိတယ်။ သူတို့ဘက်ကနေ လက်နက်ကြီးတွေ ငါးကြင်းမြီးတွေနဲ့ ပြန်ပစ်တာတော့ရှိတယ်” လို့ တာဝန်ခံက ဆက်ပြောပါတယ်။
အဲ့ဒီပါတိုက်ခိုက်မှုကို ချင်းတွင်းဒိုင်းနမိုက်ပြည်သူကာကွယ်ရေးအဖွဲ့(Salingyi)၊ SOLO အောင်ကြီး(Salingyi)၊ S PDF၊ ချင်းတွင်းကာကွယ်ရေး(CDF) မျိုးဆက်သစ် လူငယ်၊ S R Aနဲ့ တိုက်နယ် ပကဖတို့ပူးပေါင်း လုပ်ဆောင်ခဲ့ကြတာလို့ သိရပါတယ်။

