မြန်မာစစ်အုပ်စုက ကျင်းပခဲ့သော အတုအယောင် ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာမယ့် ဘယ်အဖွဲ့အစည်းကိုမဆို နိုင်ငံတကာ အစိုးရတွေ အနေနဲ့ အသိအမှတ်မပြုဘဲ ပြတ်သားစွာ ငြင်းပယ်ဖို့ Justice For Myanmar (JFM) က ဇန်နဝါရီ ၂၆ ရက်နေ့မှာ တောင်းဆို လိုက်ပါတယ်။
စစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ ပြည်သူ့ဆန္ဒကို ကိုယ်စားမပြုတဲ့အပြင် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့ ကြိုးပမ်းမှုသာဖြစ်တယ်လို့ JFM ကဆိုပါတယ်။
အဲ့ဒီ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် စစ်အုပ်စုကို စစ်လက်နက်တွေ အဓိကရောင်းချနေတဲ့ ရုရှား၊ တရုတ်၊ ဘယ်လာရုစ်နဲ့ ဗီယက်နမ်နိုင်ငံ အစိုးရတွေက ပံ့ပိုးကူညီခဲ့ကြပြီး စစ်အုပ်စုက ပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကိုလည်း အားပေးကူညီနေသူတွေဖြစ်တယ်လို့ ဆိုထားပါတယ်။
စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စံနှုန်းတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေပြီး စစ်ခေါင်းဆောင်တွေ အပါအဝင် ပြည်ပ ကျောထောက် နောက်ခံတွေဟာ ရွေးကောက်ပွဲကို ဗန်းပြပြီး မြန်မာပြည်သူတွေဆီက ခိုးယူထားတဲ့ ဓနဥစ္စာတွေက တဆင့် ကိုယ်ကျိုးရှာ အမြတ်ထုတ်ဖို့ ကြိုးပမ်းကြတော့မှာ ဖြစ်တယ်လို့လည်း JFM က အသိပေး ထားပါတယ်။
ဒါကြောင့် ပြည်သူ့ဘဏ္ဍာနဲ့ သယံဇာတွေကို အလွဲသုံးစားပြုလုပ်ကာ စစ်အာဏာရှင်ယန္တရား လည်ပတ်နေမှုကို နိုင်ငံတကာ အသိုင်းအဝိုင်းက မဖြစ်မနေ တားဆီးဖို့ လိုအပ်နေပြီလို့ ဆိုပါတယ်။
နိုင်ငံတကာအစိုးရတွေ အနေနဲ မြန်မာပြည်သူတွေရဲ့ တော်လှန်ရေးကို ထိရောက်စွာ ကူညီပံ့ပိုးပေးဖို့နဲ့ စစ်အုပ်စုရဲ့ ဘဏ္ဍာငွေ၊ စစ်လက်နက်၊ နည်းပညာနဲ့ လေယာဉ်ဆီ အရင်းအမြစ်တွေအပေါ် ပြတ်သားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချက်ချင်းချမှတ်ပေးဖို့ Justice For Myanmar က အလေးအနက် တောင်းဆိုထားပါတယ်။