ကချင်ပြည်နယ်၊ ဖားကန့်မြို့ပေါ်မှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက် မြို့အဝင်အထွက်တွေကို ပိတ်ထားတယ်လို့ နယ်မြေခံတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၂၄ ရက် ဒီနေ့မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကော်မရှင်တပ်က မြို့ဝင်ပန်းတင်တံတားဂိတ်အပြင်၊ ဖားကန့်မြို့မရပ်ကွက် နဲ့ မရှီကထောင်ရပ်ကွက် ဆက်သွယ်ထားတဲ့ မြို့လယ်က ဥရုရတနာကျောက်စိမ်းတံတားကိုပါ ဖြတ်သန်းသွားလာခွင့်မပြုဘူးလို့ ဒေသခံတွေကဆိုပါတယ်။
“ဒီလိုပိတ်ထားတာက ရွေးကောက်ပွဲကြောင့်ပါ။ သူတို့အင်အားအများကြီးချပြီး ဖားကန့် မြို့အဝင်အထွက်ကို ပိတ်လိုက်တယ်၊ မြို့လယ်ကနေပြီးတော့ ရပ်ကွက် ၂ ခုခြားထားတဲ့ တံတားကို လည်း ဒီနေ့ပိတ်လိုက်တယ်၊ အသွားအလာ မပေးတော့ဘူး၊ မနက်ဖြန်မှာတော့ ဘယ်လိုဆက် လုပ်မလဲဆိုတာတော့မသိဘူး၊ ဖားကန့်ကို ဘယ်လိုမှ ဝင်လို့မရတဲ့ အခြေအနေမျိုပါပဲ” လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းကိုပြောပါတယ်။

ဖားကန့်မှာ ဇန်နဝါရီ ၂၅ ရက် မနက်ဖြန်မှာ အတုယောင်ရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားမှာ ဖြစ်တဲ့အတွက် အခုလိုပြုလုပ်နေတာဖြစ်ပြီး၊ ရွေးကောက်ပွဲမှာ ပါဝင်ကူညီသူတွေကို ဇန်နဝါရီ လ ၂၃ ရက် မနေ့ကတည်းက ခေါ်ဆောင်ထားပြီး သူတို့နေထိုင်စားသောက်ဖို့ကိုလည်း စစ်ကော်မရှင်တပ်သားတွေက ဆောင်ရွက်ပေးထားတယ်လို့ သိရပါတယ်။
“ဖားကန့်က ရွေးကောက်ပွဲတတိယအသုတ်မှာ ပါတယ်၊ မနက်ဖြန်ပေါ့၊ မဲရုံတာဝန်ကျတဲ့ သူတို့ရဲ့ပညာရေးဆရာ၊ ဆရာမတွေအကုန်လုံးက မနေ့ညနေ ၃ နာရီအရောက်၊ ၂၆ ရက်နေ့မှ သူတို့ပြန်ရမယ်၊ လောလောဆယ် သူတို့ရဲ့လုံခြုံရေးနဲ့ စားရေးသောက်ရေးအကုန်လုံး စစ်တပ်က စီစဉ်ပေးမှာပေါ့”လို့ အထက်ပါနယ်မြေ ခံက ဆက်ပြောပါတယ်။
အကြမ်းဖက်စစ်ကော်မရှင်တပ်က အခုလိုမြို့အဝင် အထွက်တွေကို ပိတ်တာဟာ ဖားကန့်မြို့ပေါ်ရှိနေရာတွေကို သူတို့အနေနဲ့ ထိန်းချုပ်ထားနိုင်ပြီ ဆိုတာကို ပြည်သူတွေကို ပြသလိုလို့ လုပ်ဆောင်တာဖြစ်နိုင်တယ်လို့လည်း ဆိုကြပါတယ်။
“စစ်တပ်က KIA/KPDF ထိန်းချုပ်ထားတဲ့ ဆိပ်မူကျေးရွာအုပ်စုကိုတော့ ရွေးကောက်ပွဲ မလုပ်နိုင်ပါဘူး။ ဖားကန့်မြို့ဝင် မြို့ထွက်ကို ပိတ်တာကတော့ အခုက ပထမအကြိမ်ဗျ။ ဖားကန့်မှာ မြို့ဝင်မြို့ထွက် ပိတ်ရအောင်လည်း ကြီးကြီးမားမားစစ်ပွဲလည်း ရှိမနေပါဘူး၊ လောလောဆယ်ရွေးကောက်ပွဲကြောင့် ပိတ်တယ်လို့ပဲ ပြောရမယ်” လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းကိုပြောခဲ့ပါတယ်။