ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ထိုင်းရဲတပ်ဖွဲ့ဝင်တစ်ဦးကို သေနတ်နဲ့ ပစ်ခတ်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ မြန်မာနိုင်ငံသား ကိုနိုင်လင်းအောင် (ခ) နဂါးကြီးကို ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘောက ဒီကနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ထိုင်းအာဏာပိုင်တွေဆီ ကိုယ်တိုင် အပ်နှံခဲ့တယ်လို့ သိရပါတယ်။
မဲဆောက် မြို့နယ်အုပ်ချုပ်ရေး အဖွဲ့ဝင်တဦး ကလည်း ကိုနိုင်လင်းအောင်ကို ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘောကိုယ်တိုင်လာရောက် အပ်နှံခဲ့ကြောင်းကို ဓာတ်ပုံနဲ့တကွ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့၊ ညနေ ၆ နာရီဝန်းကျင်မှာ မဲဆောက်မြို့၊ မယ်ကုကျေးရွာ၊ 7-Eleven စတိုးဆိုင်အနီးမှာ လက်နက်သယ်ဆောင်လာတဲ့ မြန်မာလူငယ်နှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က အသွင်ယူဖမ်းဆီးဖို့ ကြိုးပမ်းစဉ် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
ဆိုင်ကယ်နောက်မှ လိုက်ပါစီးနင်းလာသူ ကိုနိုင်လင်းအောင်က သေနတ်နဲ့ စတင်ပစ်ခတ်ခဲ့လို့ ထိုင်းရဲအရာရှိတစ်ဦး ဝမ်းဗိုက်မှာ ကျည်ထိမှန် ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်အတွင်း ဆိုင်ကယ်မောင်းနှင်သူကို ထိုင်းရဲက ချက်ချင်းဖမ်းဆီးရမိခဲ့ပေမယ့် ပစ်ခတ်သူ ကိုနိုင်လင်းအောင်ကိုတော့ ဖမ်းဆီးရမိခဲ့တာ မရှိခဲ့လို့ရှာဖွေနေခဲ့တာလည်း ဖြစ်ပါတယ်။
ဒီကနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့မှာတော့ သောင်ရင်းမြစ်ကို ဖြတ်ကူးပြီး မြန်မာဘက်ခြမ်းကို ထွက်ပြေးခဲ့တဲ့ ကိုနိုင်လင်းအောင်ကို ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘော ကိုယ်တိုင် မဲဆောက်မြို့နယ်၊ မဟာဝမ်ကျေးရွာအုပ်စု၊ မဲကုန်းကဲန်ကျေးရွာက ထိုင်းအာဏာပိုင်တွေဆီ လွှဲပြောင်းအပ်နှံခဲ့တယ်လို့ သိရပါတယ်။
ပစ်ခတ်မှုကျူးလွန်သူ ကိုနိုင်လင်းအောင်ဟာ စားဝတ်နေရေး ခက်ခဲမှုနဲ့ ငွေကြေးလိမ်လည်ခံရမှုတွေကြောင့် အခုလို လက်နက်သယ်ဆောင်တဲ့ အလုပ်ကို လုပ်ကိုင်မိတာဖြစ်ကြောင်းကို မိသားစုဝင်တွေကနေ သတင်းဌာနတွေကို ဖြေကြားထားချက်အရ သိရပါတယ်။