အင်းတော်မြို့နယ်၊ မော်လူးမြို့၊ မာန်ဟဲရွာထိပ်ကို အကြမ်းဖက်စစ်တပ်က မနေ့ညက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပကဖတပ်သား ငါးဦးသေဆုံးပြီး ပြည်သူနှစ်ဦး ဒဏ်ရာရတယ်လို့ Indaw Revolution က ဒီကနေ့ ထုတ်ပြန်ထားပါတယ်။
မနေ့က ဇန်နဝါရီ ၂၁ ရက် ည ၁၁ နာရီအချိန်လောက်မှာ အကြမ်းဖက်စစ်တပ် တိုက်လေယာဉ် တစ်စင်းနဲ့ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
အဆိုပါဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် လူသေဆုံးမှုအပြင် နေအိမ်နှစ်လုံး၊ အဆောက်ဦးတစ်ခုထိခိုက်ပျက်စီးရသလို နွားအချို့လည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ရက်နေ့ကလည်း မော်လူးမြို့၊ ပဲခူးရွာနဲ့ ရွာရှည်ကြားကို အကြမ်းဖက်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ G -12ကျောင်းသူ တစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်ရှိ အင်းတော်မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ တစ်နှစ်နီးပါးတိုက်ယူခဲ့ပြီး ၂၀၂၅ ခုနှစ် ဧပြီလမှာ သိမ်းပိုက်နိုင်ခဲ့တာကြောင့် အမျိုးသားညီညွတ်ရေးအစိုးရထိန်းချုပ်တဲ့မြို့ ဖြစ်လာခဲ့တာဖြစ်ပါတယ်။

