စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ မင်းကွန်းတိုက်နယ်မှာစစ်အုပ်စုတပ်စွဲထားတဲ့ မြသိန်းတန်ဘုရားနဲ့ မင်းကွန်းရဲစခန်းတို့ကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ No More Dictatorship People Defence Force တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီး အင်အား ၁၀၀နီးပါးရှိတဲ့ အဲ့ဒီ နေရာတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက် မွန်းလွဲပိုင်းက တော်လှန်ရေးတပ်တွေ အလစ်ငိုက်ဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်အုပ်စုရဲ့ဘန်ကာ တလုံးကိုပါ သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ချိန် အပြန်အလှစ်ပစ်ခတ်မှု ၂နာရီ နီးပါးကြာမြင့် ခဲ့ကာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိပြီး အတည်မပြုနိုင်သေးဘူးလို့လည်း No More Dictatorship People Defence Force တာဝန်ရှိသူက ပြောပါတယ်။

“သိမ်းဖို့အထိ ဖြစ်ခဲ့တာပါ။ ဒါပေမယ့် နယ်မြေအနေအထားအရ အရေးမသာလို့ ပြန်ဆုတ်ခဲ့လိုက်ရပါတယ်။ တိုက်ပွဲကြာချိန် ၂ နာရီထဲ ကျနော်တို့ NMD က ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်။ အသက်အန္တရယ်တော့ မစိုးရိမ်ရပါဘူး။ စစ်တပ် ဘက်က ထိခိုက်မှုအတည် မပြုနိုင်သေးဘူး” လို့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
ဒီတိုက်ခိုက်မှုတွေကို ယူနီကွန်းပြောက်ကျားတပ်ဖွဲ့နဲ့အတူ Mingun PDF၊ မင်းကွန်းတိုက်နယ် ပကဖ၊ ပလဖနဲ့ People Servant Force၊ ရတနာပုံတပ်ဦး၊ No More Dictatorship(NMD)၊ GS Force၊ ဥဒေါင်းမင်း၊ ဒေါင်းမာန်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဇေယျသွေးပြည်သူ့ကာကွယ်ရေးအဖွဲ့၊ လယ်သမားတော်လှန်ရေးအဖွဲ့ (FRF)နဲ့ မဟူရာရွှေဘိုသား PDF တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။