သရုပ်ဆောင် စည်သူ(ပလပ်ကျွတ်) က မြန်မာလုပ်သား တွေကို ပန်းရောင်ကတ်(ခေါ်) ဘတ်တင်ပေးမယ်ဆိုပြီး ဘတ်ငွေသိန်းနဲ့ချီ လိမ်လည်ယူဆောင်သွားတယ်လို့ သိရပါတယ်။
အဲ့ဒီလိမ်လည်မှုကို လက်ရှိအချိန်အထိ ဖြေရှင်းပေးတာမရှိသေးဘူးလို့ အလိမ်ခံလိုက်ရသူတွေဆီက သိရပါတယ်။
ထိုင်းရောက်မြန်မာလုပ်သားတွေရဲ့ နေထိုင်ခွင့်အတွက် အရေးပါတဲ့ ဘတ်တင်ခြင်း(ခေါ်) ပန်းရောင်ကဒ် လုပ်ငန်းစဥ်အတွက် သရုပ်ဆောင်စည်သူ(ပလပ်ကျွတ်) က ပွဲစားအဖြစ် တာဝန်ခံကာ လူပေါင်း ထောင်နဲ့ချီဆီက ဘတ်ငွေ သိန်းနဲ့ချီ ယူဆောင်ထားတာလို့ ဆိုပါတယ်။
ဒါ့အပြင် ဘတ်ငွေဖိုးတွေ သွင်းပြီးလို့ စလစ်ပြန်ရပြီးကတည်းက လက်ရှိအချိန်အထိ သွေးစစ်တာ၊ လက်ဗွေနှိပ်တာစတဲ့ ဘတ်လုပ်ငန်းစဥ်တွေကိုလည်း တစ်ခုမှ လုပ်ဆောင်ခိုင်းတာ မရှိသေးတာကြောင့် အပ်နှံထားသူတွေဘက်က သံသယဝင်လာခဲ့ပြီး နောက်ဆုံးမှာလူနဲ့ပါအဆက်သွယ် ပြတ်တောက်သွားခဲ့တာလို့ ပြောကြပါတယ်။
စည်သူ(ပလပ်ကျွတ်)ကတော့ သူ့အနေနဲ့ ယုံကြည်ရတဲ့ ပွဲစားကတဆင့် ဘတ်တင်ပေးခဲ့တာ ဖြစ်ကြောင်းနဲ့ သူက လူခေါ်ဆက်သွယ် ပေးရသူသာဖြစ်ကြောင်း၊ သူအပါအဝင် ဘတ်တင်သူတွေကို လိမ်လည်ထားသူဟာ ငါးသန်း ကုမ္ပဏီပိုင်ရှင်ဆိုသူက ယူဆောင်ထားတာဖြစ်ကြောင်း ပြောဆိုထားပါတယ်။

သူ့ကတဆင့် ဘတ်တင်ခဲ့တဲ့ ထိုင်းရောက် မြန်မာလုပ်သားတယောက်က “အနုပညာသမား မလိမ်တက်ဘူးဆိုပြီး သူက တစ်တော့အဆွယ်ကောင်းတော့ ကျွန်တော်တို့လည်း ယုံပြီးလိုက်ခဲ့မိတယ်။ အခုအလိမ့်ခံရတယ်။ ဒီငွေတွေက ပန်းရံလုပ်၊ မြေကျင်းတူးပြီး ပင်ပင်ပန်းပန်းရှာ ထားတဲ့ငွေတွေပါ။” လို့ပြောပါတယ်။
စည်သူ(ပလပ်ကျွတ်) ဆီ ဘတ်စာရင်း တင်ထားသူအရေတွက်ဟာ ၁၄၀၀ နီးပါးအထိ ဖြစ်တာကြောင့် ငွေတန်ဖိုးဟာ ဘတ် သိန်းနဲ့ချီတဲ့ အထိရှိပြီး လက်ရှိ ၂ ပတ်တာကာလ ရှိလာချိန်အထိ အဆက်သွယ် ပြတ်တောက်နေတာကြောင့် လိမ်လည်သွားပြီလို့လည်း ပြောဆိုနေကြတာလို့ ဆိုပါတယ်။
ထိုင်းရောက်မြန်မာလုပ်သား အရေးကူညီပေးနေတဲ့ AAC ကိုရဲမင်းက “စည်သူပလပ်ကျွတ်နဲ့ ဘတ်တင်ထားသူတွေ အရင်ဆုံးလုပ်ရမှာက ဒီကောင် ဘယ်ကုမ္ပဏီမှာ စာရင်းသွင်းထားလဲ။ ကိုယ့်ရဲ့ရထားတဲ့ ဘော်သော် ၅၀ စာရွက်ထဲမှာ ပြန်ကြည့်ပါ။ အဲ့ဒီမှာ သူလူပို့ထားတဲ့ ကုမ္ပဏီနာမည် ဘော် ဒီစပ်နာမည်တွေပါတယ်။ သူသွင်းထားတဲ့ ကုမ္ပဏီကို ဆက်သွယ်ပြီး အားလုံးလိုက်သွားကြပါ။ ဒါမှသာ ပန်းရောင်ဘတ်နဲ့ ဝေါ့ပါမစ်ရဖို့ လုပ်ငန်းစဉ် ဆက်လုပ်လို့ရမှာပါ” လို့ သူ့ရဲ့အမြင်ကို လူမူ့ကွန်ရက်က တဆင့်မျှဝေ ရေးသားထားပါတယ်။
တစ်ဖက်မှာလည်း စည်သူ (ပလပ်ကျွတ်) ဟာ လောင်းကစား စွဲနေသူဖြစ်ပြီး အိမ်၊ ကားဆုံးရှုံးဖူးကြောင်း လူကိုယ်တိုင် ဝန်ခံထားပါတယ်။