ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့၊ မယ်ကုရပ်ကွက်က ဖောင်းစက်ရုံနဘေး 7-Eleven စတိုးအနီးမှာ မြန်မာတစ်ဦးက ထိုင်းရဲကို သေနတ်နဲ့ ပစ်ခတ်ပြီး ထွက်ပြေးသွားတယ်လို့ ထိုင်းဒေသတွင်းသတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဒီကနေ့ ဇန်နဝါရီ ၂၀ ရက်၊ ညနေ ၆နာရီဝန်းကျင်အချိန်မှာ မယ်ကုရပ်ကွက်က ဖောင်းစက်ရုံဘေး 7-Eleven စတိုးအနီးမှာ မြန်မာအမျိုးသား လူငယ်နှစ်ဦးကို တရားမဝင်ပစ္စည်း ရောင်းဝယ်နေတာလို့ မသင်္ကာတာနဲ့ ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးဖို့ လုပ်ဆောင်နေချိန်မှာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
ဖြစ်စဉ်မှာ ထိုင်းရဲတပ်ဖွဲ့ဝင် ၂ ယောက်က မြန်မာ ၂ ယောက်ကို စစ်ဆေးမေးမြန်းဖို့ လုပ်ဆောင်နေစဉ်မှာ ဆိုင်ကယ်အနောက်မှ လိုက်လာသူက သေနတ်နဲ့ စတင်ပစ်ခတ်ခဲ့တာကြောင့် ထိုင်းရဲတပ်ဖွဲ့ဝင်တစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဆိုင်ကယ်မောင်းနှင်လာသူကိုတော့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပေမယ့် သေနတ်ပစ်ခဲ့သူ မြန်မာအမျိုးသားကတော့ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ပြစ်မှုကျူးလွန်ခဲ့သူ ၂ ယောက်ဟာ သေနတ်ရောင်းဝယ်ဖို့ လုပ်နေစဉ် ထိုင်းရဲတပ်ဖွဲ့ဝင် ၂ ယောက်က စစ်ဆေးဖို့ လုပ်ဆောင်ခဲ့တာကြောင့် သေနတ်နဲ့ ပစ်ခတ်ထွက်ပြေးတာဖြစ်တယ်လို့ ဒေသတွင်းသတင်းတွေ ထွက်ပေါ်နေပေမယ့် မောင်း အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
လက်ရှိမှာ ထွက်ပြေးလွတ်မြောက်သွားသူကို ထိုင်းရဲတပ်ဖွဲ့ကနေ အပူတပြင်းလိုက်လံရှာဖွေနေပြီး အခင်းဖြစ်ပွားခဲ့ရာ ဧရိယာအနီးတဝိုက်ကို ပိတ်ဆို့ရှာဖွေလျက်ရှိတယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိသူကို ထိုင်းရဲတပ်ဖွဲ့ကနေ စစ်ဆေးရာမှာ ၎င်းတို့ဟာ မဲဆောက်မြို့၊ မယ်ပရပ်ကွက်မှ လာရောက်ခဲ့ခြင်းဖြစ်တယ်လို့ ကနဦး သိရှိရပါတယ်။