အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ချင်းလူအခွင့်အရေးအဖွဲ့ Chin Human Rights Organization- CHRO တို့နဲ့ တွေ့ဆုံခဲ့တာကြောင့် တီမောလက်စ်တေနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ်ကနေ ရပ်ဆိုင်းပေးဖို့ အကြမ်းဖက်စစ်ကော်မရှင်က အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဆီ စာရေးသားပေးပို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံထဲမှာ အကြမ်းဖက်စစ်တပ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး ဒေသတွင်း တရားမျှတမှုနဲ့ တာဝန်ခံမှုရှိရေး ကြိုးပမ်းနေတဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့ (Chin Human Rights Organization) ကို တီမောလက်စ်တေ သမ္မတ မစ္စတာ ဟိုဆေး ရာမို့စ် ဟော်တာ က လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့မှု၊ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို အစိုးရအဖွဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို ဖိတ်ကြားခဲ့မှု တွေကိုထောက်ပြပြောဆိုပြီး အခုလို တိုင်ကြားခဲ့တာဖြစ်တယ်လို့ သိရတာပါ။
အကြမ်းဖက်စစ်တပ်က ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို တရားစွဲဆိုနိုင်ဖို့အတွက် ချင်းလူ့အခွင့်အရေးအဖွဲ့က တီမောနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက တိုင်ကြားလျှောက်ထားခဲ့တာဖြစ်ပြီး၊ ဒီတိုင်ကြားလျှောက်ထားခဲ့တဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ကို တီမောသမ္မတက လက်ခံတွေ့ဆုံခဲ့တာလည်း ဖြစ်ပါတယ်။
NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို ၁-၇-၂၀၂၃ ခုနှစ်မှာ ကျင်းပခဲ့တဲ့ အစိုးရအဖွဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို ဖိတ်ကြားခဲ့မှုနဲ့ ပတ်သက်ပြီးလည်း“အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ တည်ဆဲအစိုးရအပေါ် ဆန့်ကျင်နေသည့် အကြမ်းဖက်အဖွဲ့အစည်းအား ဤကဲ့သို့ ထိတွေ့ဆက်ဆံမှုပြုခြင်းသည် နိုင်ငံတကာ ကျင့်ဝတ် ဖောက်ဖျက်ခြင်းဖြစ်၍ တီမောလက်စ်တေ သံရုံး ယာယီတာဝန်ခံအား ၅-၇-၂၀၂၃ ရက်တွင် ဆင့်ခေါ်ကာကန့်ကွက်ခဲ့သည်။ သံရုံးယာယီတာဝန်ခံကိုလည်း ၁-၉-၂၀၂၃ ရက် နောက်ဆုံးထား၍ မြန်မာနိုင်ငံက ထွက်ခွာရန် နှင်ထုတ်ခဲ့သည်” လို့ အကြမ်းဖက်စစ်ကော်မရှင်က ဆိုထားပါတယ်။
ဒါ့အပြင် တီမောလက်စ်တေ နိုင်ငံရဲ့ အာဆီယံအဖွဲ့ဝင် လျှောက်ထားမှုကိုလည်း အာဆီယံပဋိညာဉ်ပါ အခြေခံမူတွေကို လိုက်နာခြင်းမရှိတာကြောင့် ကန့်ကွက်တဲ့အကြောင်း အာဆီယံအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေ အားလုံးဆီ စာရေးသား ပေးပို့ခဲ့တယ်လို့ လည်းအကြမ်းဖက် စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုလို ထုတ်ပြန်လာတာဟာ အာဆီယံအဖွဲ့ဝင်မဖြစ်အောင် တီမောလက်စ်တေနိုင်ငံကိုတလျှောက်လုံး ကန့်ကွက်ခဲ့တဲ့ အကြမ်းဖက်စစ်ကော်မရှင်အနေနဲ့ တီမော အာဆီယံအဖွဲ့ဝင်ဖြစ်လာခဲ့တဲ့အပေါ် မကျေနပ်ဖြစ်နေတာလည်းဖြစ်ပြီး၊ NUG လို အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံတာတွေကို အကြောင်းပြပြီး အဖွဲ့ဝင်အဖြစ်က ရပ်ဆိုင်းသွားဖို့ ကြိုးစားနေခဲ့တာလည်း ဖြစ်ပါတယ်။
ဒါဟာ အကြမ်းဖက်စစ်တပ်က ကျူးလွန်ခဲ့တဲ့ လူသားမျိုးနွယ်ပေါ် ကျူးလွန်မှုတွေနဲ့ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ တရားရင်ဆိုင်လျှောက်လဲနေရချိန်မျိုးမှာ အခုလို တော်လှန်ရေးအင်အားစုတွေကို တရားဝင်လက်ခံတွေ့ဆုံပြီး တရားစွဲဆိုနိုင်ခွင့်ပါပေးခဲ့တဲ့ အာဆီယံအဖွဲ့ဝင်သစ် တီမောရဲ့ လုပ်ဆောင်ချက်က စစ်ကော်မရှင်ကို အနာပေါ် တုတ်ကျဖြစ်စေခဲ့တဲ့အတွက် အခုလို တုံ့ပြန်လာတာပဲ ဖြစ်တယ်လို့လည်း လေ့လာသူအချို့က ဆိုကြပါတယ်။
“စစ်တပ်က သူတို့ထိုင်ခုံမြဲဖို့အတွက် မြန်မာ့နိုင်ငံရေးမှာ တရုတ်က ဝင်ရောက်စွက်ဖက်ဖို့ သူတို့ကိုယ်တိုင် တောင်းဆိုခဲ့တယ်၊ ဒါပေမဲ့ အခုလို တော်လှန်ရေးအင်အားစုတွေကို ထောက်ခံတဲ့ အာဆီယံအဖွဲ့ဝင်အသစ် ပေါ်လာတဲ့အပေါ်မှာတော့ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တယ်ဆိုပြီး စစ်တပ်က အတော်လေး အခဲမကျေဖြစ်နေပုံရတယ်” လို့လည်း ၎င်းတို့က ဆိုတာပါ။

ဒီလို NUG နဲ့လူ့အခွင့်အဖွဲ့တွေကို လက်ခံတွေ့ဆုံတာဟာ တီမောအစိုးရအနေနဲ့ အာဆီယံ ပဋိညာဉ်နဲ့ အာဆီယံရဲ့ အခြေခံမူတွေကို ချိုး ဖောက်တာဖြစ်ပြီး မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာပဲဖြစ်တယ်လို့ မြန်မာ့နိုင်ငံခြားရေးက ရန်ကုန်ရှိ တီမောလက်စ်တေ သံရုံးယာယီတာဝန်ခံကို ပြီးခဲ့တဲ့ရက်က ခေါ်ယူသတိပေးခဲ့ပြီးနောက် အခုလို ထပ်မံ ထုတ်ပြန်လာခဲ့တာပဲဖြစ်ပါတယ်။
တကယ်တော့ စစ်တပ်ရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို အာဆီယံနိုင်ငံ တစ်ခုမှာ တရားစွဲနိုင်ဖို့ တိုင်ကြားလျှောက်ထားတာဟာ ဒါက ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ချင်းလူ့အခွင့်အရေးအဖွဲ့ (Chin Human Rights organization CHRO) အဖွဲ့ကပဲ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလထဲမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံ တရားရေးဌာနမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် အပေါင်းပါ ၁၀ ဦးကို စစ်ရာဇဝတ်မှုတွေနဲ့ တရားစွဲနိုင်ဖို့ တိုင်ကြားလျှောက်ထားခဲ့ပါတယ်။
အဆိုပါတိုင်ကြားလျှောက်ထားမှုကို ဖိလစ်ပိုင်နိုင်ငံ၊ ခရိုင်အဆင့် တရားရုံးကို အမှုတင်သွင်းခဲ့တာဖြစ်ပြီး၊ ပြီးခဲ့တဲ့ နှစ် ၂၀၂၄ ဩဂုတ်လမှာ ပယ်ချခံခဲ့ရပေမဲ့၊ အမှုကို ဖိလစ်ပိုင် ဗဟိုတရားရုံးအထိ တင်သွင်းဖို့ ဆက်လက်ကြိုးစားမယ်လို့ အဆိုပါချင်းအဖွဲ့အစည်းက ထိုစဥ်က ထုတ်ပြန်ထားပါတယ်။