စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် စိုင်ပြင်မြို့ကို အကြမ်းဖက်စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၁၉ ရက် မနက် ၁၁ နာရီခွဲကျော်လောက်မှာ တံတားဦးလေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးဟာ စိုင်ပြင်မြို့ရဲ့တိုးချဲ့ရပ်ကွက်သစ်ထဲကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ကြောင့် ဒေသခံတစ် ယောက်သေဆုံးပြီး သုံးယောက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူထဲမှာ တစ်ယောက်ကစိုးရိမ်ရပြီး နေအိမ်တစ်ချို့လည်း မီးလောင်ပျက်ဆီးသွားတယ်လို့ ဆိုပါတယ်။
“ထိတွေ့မှုမရှိဘူးဗျ၊ လေကြောင်းကြဲသွားတဲ့နေရာက စိုင်ပြင်မြို့ရဲ့တိုးချဲ့ကွက်သစ်ခေါ်မှာပေါ့၊ မြို့မျက်နှာဖုံးနေရာတော့ မဟုတ်ဘူး၊ သာမန်ရပ်ကွက်ပဲ၊ ထိခိုက်သေဆုံးမှုက တစ်ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရတယ်၊ ပြင်းထန်ဒဏ်ရာကတစ်ဦး၊ ကျန်နှစ်ဦးကတော့ ပွန်းပဲ့ဒဏ်ရာရရုံလောက်ပဲ၊ နေအိမ်တွေက တစ်လုံးနှစ်လုံးထိတယ်” လို့ ဒီပဲယင်းနယ်ခံတစ်ယောက်က မောင်းကိုပြောပါတယ်။

“စိုင်ပြင်မြို့က အရင်တုန်းက စခစခန်းရှိတယ်၊ အဲ့စခန်းကို ဝင်ပစ်တုန်းကလည်း တစ်ခါဂျက်ဖိုက်တာ လာကြဲဖူးတယ်၊ အဲ့ရက် နောက်မှာ ပါရာမော်တာ တစ်ခါလာကြဲဖူးတယ်၊ အခုတော့ ဝေဟင်တိုက်ခတ်မှု တတိယမြောက်ပြောရမှာပေါ့” လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။
စိုင်ပြင်မြို့ဟာ အခုတခေါက်အပါအဝင် လေကြောင်းတိုက်ခိုက်ခံရတာ ၃ ကြိမ်ဝန်းကျင်ရှိနေပြီလို့ သိရပါတယ်။ လက်ရှိမှာတော့ စိုင်ပြင်မြို့ပေါ်ရပ်ကွက်က ဗုံးကြဲသွားတဲ့နေရာမှာ နေထိုင်တဲ့ပြည်သူတချို့ ရှောင်တိမ်းနေကြတယ်လို့လည်း သိရပါတယ်။
