ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ဒုတိယပတ်ကစလို့ မြန်မာနိုင်ငံသား ဖမ်းဆီးခံရမှုတွေ ဆက်တိုက်ရှိနေပြီး တစ်ပတ်အတွင်း အယောက် ၆၀ ထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ တာ့ခ်ခရိုင် လူဝင်မှု ကြီးကြပ်ရေးရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
မဲဆောက်မြို့ပေါ် အပါအဝင် နယ်နမိတ် အတွင်းကျေးရွာတွေမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ရက်နေ့ လောက်က စလို့ အထောက်အထားမဲ့ ဝင်ရောက်နေထိုင်သူ တွေနဲ့ ထိုင်းအစိုးရ ကန့်သတ်ထားတဲ့ လုပ်ငန်းလုပ်ကိုင်နေသူ မြန်မာနိုင်ငံသားတွေကို ထိုင်းအာဏာပိုင်တွေက ဆက်တိုက် ဆိုသလို ဖမ်းဆီးအရေးယူ တာတွေလုပ်ဆောင် လာနေတာပါ။
တကယ်တမ်း ဖမ်းဆီးခံရသူ အရေအတွက်ဟာ အယောက် ၆၀ ထက်ပိုနိုင်ပြီး ဒဏ်ကြေးနဲ့ ပြန်လည်လွတ်မြောက် လာသူတွေ လည်းအများအပြား ရှိတယ်လို့သိရ ပါတယ်။
ဒါ့အပြင် မဲဆောက်မြို့စျေး အတွင်းမှာလည်း ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးမှုတွေ ဆက်တိုက် လုပ်ဆောင်နေတာကြောင့် ဇန်နဝါရီလ ၁၇ ရက်အထိ စျေးဆိုင်တော်တော်များများ ပိတ်ထား တယ်လို့လည်း မဲဆောက်ရောက် မြန်မာ တချို့က ပြောပါတယ်။
ဈေးဆိုင်၊ အလှပြင်ဆိုင်၊ မုန့်ဆိုင်၊ Delivery စတဲ့လုပ်ငန်းတွေကို နိုင်ငံခြားသားတွေ မလုပ်ကိုင်ဖို့ ထိုင်းဥပဒေက ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။


ဒါ့အပြင် ဒီလိုမျိုးဖမ်းဆီးမှုတွေ ပြန်ပြီး ခပ်စိပ်စိပ်ရှိလာတာဟာ ပြီးခဲ့တဲ့ရက်ပိုင်းတွေက ထိုင်းနိုင်ငံအတွင်း ဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံသား တချို့ရဲ့ ရန်ပွဲတွေကြောင့် ဖြစ်တယ်လို့ ထိုင်းရောက် မြန်မာ တချို့က ပြောဆိုပါတယ်။
ရွေ့ပြောင်း မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေယနေသူတွေ ကတော့ လက်ရှိအချိန်ဟာ ထိုင်း-မြန်မာ အလုပ်သမားတွေကြား ပဋိပက္ခ ဖြစ်ပွားထား တဲ့အပြင် Work Permit သက်တမ်း တိုးပြီးချိန် ဖြစ်တာကြောင့် စစ်ဆေးမှုတွေ ရှိနေတာဖြစ်ပြီး ထိုင်းရောက် မြန်မာတွေအနေနဲ့ အသွားအလာ သတိထားကြဖို့ တိုက်တွန်းထားပါတယ်။
“မဲဆောက်မှာ ဒီလိုမျိုး မကြာမကြာ ဝင်စစ်တာတွေ ရှိပေမယ့် ဒီတလောကတော့ အနေအထိုင် ဆင်ခြင်တာအကောင်းဆုံးပါပဲ” လို့ မဲဆောက်မှာ နေထိုင်တဲ့ ရွေ့ပြောင်းမြန်မာ အလုပ်သမား တယောက် ကလည်း မောင်းကို ပြောပါတယ်။
အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကလည်း လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေ တွေကြောင့် ထိုင်းနိုင်ငံမှာ ရောက်ရှိ ခိုလှုံနေကြတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ အိမ်ရှင်ထိုင်းနိုင်ငံရဲ့ ဥပဒေတွေကို လေးစားလိုက်နာပြီး ဒေသခံတွေနဲ့ သဟဇာတ ဖြစ်အောင် နေထိုင်ကြဖို့ကို တိုက်တွန်း ထုတ်ပြန် ထားပါတယ်။
