မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင် တပ်သားတွေ တိုက်ခိုက်ခံရပြီး ထိခိုက် သေဆုံးသူတွေ ရှိတယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ရဲ့ ပြောရေး ဆိုခွင့်ရှိသူက မောင်းကို ပြောပါတယ်။
ဇန်နဝါရီလ (၁၅) ရက် မနက်(၁၀) နာရီလောက်မှာ စစ်ကော်မရှင် တပ်သား အင်အား ၂၀၀ ဝန်းကျင်လောက်အောင်သပြေရွာ အနီးကို စစ်ကြောင်း ထိုးဝင်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ် စစ်ကြောင်း ထိုးလာချိန် အောင်သပြေရွာ နားအရောက်မှာ ကာကွယ် ရေးတပ်က ပျောက်ကြား တိုက်ခိုက်ခဲ့ရာအပြန်အ လှန်ထိတွေ့မှု ၁၀ မိနစ်လောက် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
“ထိခိုက်သွားတဲ့ ရဲဘော်က တိုက်ပွဲ အတွင်းမှာ လက်မောင်းကို ကျည်ရှပ်ထိ သွားပါတယ်။ ဒီ စကစ စစ်ကြောင်းဟာ ပြည်သူ တွေဆီက သိန်း၂၀၀ ဝန်းကျင်တန်ဖိုးရှိတဲ့ ဖုန်းနဲ့ ငွေ တွေကို ယူသွားတယ်လို့ သတင်းရပါတယ်” လို့ မွန်ပြည် တော်လှန်ရေးတပ် (MSRF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က မောင်းကိုပြောပါတယ်။

ထိတွေ့မှုအတွင်း အကြမ်းဖက် စစ်ကော်မရှင်တပ်က သုံးယောက်သေဆုံးပြီး ခြောက်ယောက် ဒဏ်ရာရရှိ ခဲ့သလို ကာကွယ်ရေး တပ်ဘက်ကလည်း ရဲဘော် တစ်ယောက်မစိုးရိမ် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီ တပ်သားတွေဟာ ခမရ ၅၈၈၊ ခလရ ၁၀၆၊ အမတ ၃၁၇ တပ်ရင်း (၃)ရင်းတွေ ကနေ စစ်ကြောင်းထိုးလာတာလို့ ယူဆရပြီး ပစ်ခတ်မှုဖြစ်ပွား ပြီနောက် ဆုတ်ခွာသွားတယ် လို့ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို မွန်ပြည် ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာန ကွပ်ကဲမှု အောက်က တပ်တွေ ဖြစ်တဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) နဲ့ ရေးပြည်သူ့ ကာကွယ်ရေးတပ် (YPDF) တို့က ပူးပေါင်းတိုက်ခိုက် ခဲ့ကြတာလို့ သိရပါတယ်။