မကွေးတိုင်း၊ မင်းဘူးမြို့နယ်မှာ မုန်းတောင် ရဲစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်မီးရှို့ ပြီးတဲ့နောက် စစ်အုပ်စုက ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေက မောင်းကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ရက် မနက်အစောပိုင်းက မင်းဘူးမြို့နယ်၊ မုန်းတောင်ရွာရဲစခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက် တိုက်ခိုက်ရင်း စခန်းကိုပါ မီးရှို့နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အဲ့ဒီတိုက်ခိုက်မှုအတွင်း မုန်းတောင် စခန်းမှူးနဲ့ အမျိုးသမီးဖြစ်သူ အပါအဝင် ရဲတွေ ထိခိုက်ဒဏ်ရာရပြီးထွက်ပြေး သွားတယ်လို့ မင်းဘူးခရိုင် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
” စခန်းမှူးအဖမ်းခံရတာ မဟုတ်ပါဘူး။ စခန်းမှူးနဲ့ သူ့မိန်းမ ဒဏ်ရာရတာ။ စပြီးဝင်ပစ်ကတည်း ကထွက်ပြေးကြတာ” လို့ မင်းဘူးခရိုင် စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။
တော်လှန်ရေးတပ်တွေက ရဲစခန်းကို သိမ်းပိုက်ရှင်းလင်းရင်းနဲ့ တခါတည်း မီးရှို့ဖျက်ဆီးခဲ့ရာမှာ အချုပ်ခန်းတစ်ခုပဲ ကျန်တဲ့အထိ မီးလောင်ပြာကျ သွားတယ်လို့ သိရပါတယ်။
ရဲစခန်း သိမ်းပိုက်မီးရှို့ခံရပြီး တဲ့နောက် အကြမ်းဖက်စစ်တပ်က မုန်းတောင်ရွာကို ဝင်ရောက်စီးနင်းတာတွေ ရှိခဲ့တယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်ကြောင်းဟာ မင်းဘူးမြို့မြောက်ဘက်ခြမ်း ကိုဝင်ရောက်နေပြီး ပင်းတလဲရွာကိုပါ ဝင်ရောက် မီးရှို့ခဲ့သေး တယ်လို့ သိရပါတယ်။