တော်လှန်ရေးတပ်များ မကြာသေးခင်ကမှ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အနီးက ကံတလူတိုးဂိတ်ကို လာရောက်စစ်ဆေးတဲ့ စစ်တပ်အရာရှိပါတဲ့ ကားတန်းကို ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့က တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ကံတလူ(တိုးဂိတ်) စစ်ဆေးရေးဂိတ်မှာ ဇန်နဝါရီလ ၁၇ ရက်၊ ဒီနေ့မနက်ပိုင်းကစလို့ အကြမ်းဖက်စစ်တပ်က ပြန်လည်ဝင်ရောက်နေတာဖြစ်ပြီး အရင်လို အရပ်သားကားတွေဆီက ဆက်ကြေးကောက် ငွေညှစ်တာတွေ ပြန်လည်လုပ်ဆောင်နေတာပါ။
ပြန်လည်တပ်စွဲထားတဲ့ အဲ့ဒီဂိတ်ကို စစ်ဆေးဖို့လာတဲ့ စစ်ကိုင်းတပ်မ(၃၃) က အရာရှိနဲ့ လုံခြုံရေးစစ်သားတွေ လိုက်ပါလာတဲ့ အိမ်စီးကား(၇) စီးပါ ကားတန်းကို လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ဝင်တွေက စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကို အရာရှိကားကို လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ မိုင်းပွိုင့်နားအရောက်မှာ အချိန်ကိုက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေ ရှိနိုင်တယ်လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ကပြောပါတယ်။
အခုလို မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ဂိတ်အတွင်းရှိနေတဲ့ စစ်သားတွေ ထွက်ပြေးသွားခဲ့သလို အရာရှိကား ၂စီးဟာလည်း စစ်ကိုင်းမြို့ဘက်ကို ဆက်လက်မောင်းထွက်သွားတယ်လို့ ဆိုပါတယ်။
မိုင်းခွဲတိုက်ခိုက်ခဲ့အပြီး စစ်တပ်ကင်းပုန်းတွေက တော်လှန်ရေးတပ်ဖွဲ့ဝင်များရှိမယ်ထင်ရာဘက်ကို ပြန်ပြီးပစ်ခတ်တာမျိုးတွေ ရှိခဲ့သလို တပ်မ(၃၃) ကနေလည်း ၁၂ဘီးကားတစ်စီးအပြည့်နဲ့ အင်အားတွေ ထပ်မံဖြည့်တင်းခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ရက်နေ့ကမှ အဆိုပါ ကံတလူ စစ်ဆေးရေးဂိတ်ကို လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့နဲ့အတူ မဟာမိတ်တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ ထိုတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်အုပ်စုဝင်တချို့ ထိခိုက်သေဆုံးတွေရှိခဲ့သလို၊ ကျန်တဲ့စစ်သားတွေဟာလည်း ဂိတ်ကနေ ထွက်ပြေးသွားခဲ့ကြတာပါ။

ပုံစာ- ကံတလူတိုးဂိတ်အား ဝင်ရောက်တိုက်ခိုက်နေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ(ပုံဟောင်း)