စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက NUG အခွန်ဂိတ်တစ်ခုကို ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် (BNRA) တပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းပြီး ဂိတ်တာဝန်ခံ ပလဖ အဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးသွားတယ်လို့ အဆိုပါဖြစ်စဉ်ကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ ရဲဘော်တစ်ဦးက မောင်းကိုပြောပါတယ်။

ဇန်နဝါရီ ၁၇ ရက် ဒီနေ့ မနက် ၁၁ နာရီလောက်မှာ ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် (BNRA) တပ်ဖွဲ့ကဝင်ရှစ်ယောက်ဟာ ပန်းရွာမှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲက ပအဖအခွန်ဂိတ်ကို လက်နက်ပစ်ဖောက်ပြီး ဝင်ရောက်စီးနင်းခဲ့တယ်လို့ သိရပါတယ်။ စခန်းကိုဝင်ရောက်စီးနင်းချိန်မှာ BNRA တပ်ဖွဲ့ဝင်တွေက လက်နက်များပစ်ဖောက်ခဲ့ပြီး ဂိတ်တာဝန်ခံ ပလဖ အဖွဲ့ဝင်နစ်ယောက်ကို ဖမ်းဆီးသွားခဲ့တယ်လို့လည်း သိရတာပါ။

ဒီစီးနင်းတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ဇန်နဝါရီလ ၉ ရက်က NUG လက်အောက်ခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက BNRA ဂိတ်နှစ်ခုကို ဝင်ရောက်စီးနင်းပြီး လက်နက်တွေကို သိမ်းဆည်းခဲ့တဲ့ဖြစ်စဉ်အပြီး ရက်ပိုင်းအတွင်း အလားတူ ဂိတ်စီးနင်းမှုပြသနာ ထပ်မံဖြစ်ပွားတာလည်း ဖြစ်ပါတယ်။

“ကျနော်တို့ဂိတ်ကို ဒီကနေ့ နေ့လယ်ပိုင်း ၁၁ နာရီမထိုးခင်လောက်က BNRA ရဲဘော်တစ်စုက လက်နက်ပစ်ဖောက်ပြီး ဝင်လာခဲ့ပါတယ်။ ကျနော်တို့ဂိတ်မှာစောင့်နေတဲ့ ကျနော်ရယ်၊ ကျနော့်အထက်အရာရှိရယ် ကျနော်တို့ သေနတ်ကို မကိုင်ခဲ့ပါဘူး။ အဲဒါကို BNRA ကနတ်ဆိုးက ကျနော်တို့ကိုဝင်ပြီးတော့ သူ့ပစ္စတိုဒင်နဲ့ ရိုက်တာ၊ ပြီးတော့ ကိုမင်းခိုင်နဲ့ ကျနော်တို့ ၂ ယောက်ကို ဖမ်းသွားပါတယ်” လို့ ထွက်ပြေးလွတ်မြောက်လာတဲ့ ရဲဘော်က ဆိုပါတယ်။

ပုံစာ- သင်တန်းဆင်းပွဲတစ်ခုတွင် တွေ့ရသော BNRA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)

သူတို့ ၂ ယောက်ကို ဖမ်းဆီးသွားပြီးချိန်မှာ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးခေါင်းဆောင် ကိုဇော်ထက် နဲ့ ရဲဘော်တစ်ယောက်က သေနတ်သံကြားတာကြောင့် ဆိုင်ကယ်နဲ့လာကြည့်တဲ့အတွက် BNRA တပ်ဖွဲ့ဝင်တွေက တွေ့သွားပြီး သူတို့နှစ်ယောက်ကိုလည်း သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးဖို့ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
“ကိုဇော်ထက်က ဆိုင်ကယ် နဲ့ ထွက်ပြေးတဲ့အချိန်မှာ BNRA ရဲဘော် ၃ ယောက်က ကိုဇော်ထက်တို့ကို ပစ်ပါတယ်။ ကိုဇော်ထက်ရဲ့ ရဲဘော်တစ်ယောက်ခြေထောက်ထိသွားတယ်”လို့ အထက်ပါရဲဘော်က ဆက်ပြောပါတယ်။

အဆိုပါ NUG အခွန်ဂိတ်ကို သွားရောက်ဖမ်းဆီးတာနဲ့ ပတ်သက်ပြီး ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် (BNRA) ခေါင်းဆောင် ဗိုလ်နဂါးကို ဆက်သွယ်မေးမြန်းတဲ့အခါ အဲဒီဖမ်းဆီးအရေးယူမှုတွေဟာ မိမိခိုင်းစေခြင်းမဟုတ်ကြောင်း နဲ့ ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး စုံစမ်းတဲ့အခါ အဆိုပါဂိတ်မှာ ကိုဇော်ထက်က နေ့စားလစာပေးပြီး ပိုက်ဆံကောက်ခိုင်းတဲ့သူရှိတယ်လို့ ပြည်သူတွေက အကြောင်းကြားတဲ့အတွက် ပထမအကြိမ်သတိပေးပေမဲ့ လိုက်နာခြင်းမရှိတာကြောင့် ဒုတိယတစ်ကြိမ်မှာ အခုလိုသွားရောက်ဖမ်းဆီးရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

“အဲ့သတင်းကလိုင်းပေါ်မှာ ကျနော်လည်းအံ့သြသွားတယ်၊ ကျနော်တို့ဌာနက စီစဉ်ထားတဲ့ကိစ္စလည်း မရှိဘူး၊ စစ်ရေးဘက်က တာဝန်ရှိတဲ့သူတွေ နိုင်ငံရေးဘက်က တာဝန်ရှိတဲ့သူတွေကို ဆက်သွယ်ပြီးတော့ သတင်းပို့ခိုင်းတဲ့အခါကျတော့လည်း သူတို့အနေနဲ့ စီစဉ်ထားတာမရှိဘူး၊ နောက်ပိုင်းစစ်လိုက်တဲ့အခါကျတော့မှ သိရတာက အခင်းဖြစ်ပွားတဲ့ရွာနားမှာ မြို့နယ်ပအဖတာဝန်ခံ ကိုဇော်ထက်နေ နေ့စားလစာပေးပြီးတော့ ပိုက်ဆံကောက်ခိုင်းနေတဲ့လူ ၃၊ ၄ ဦးရှိတယ်တဲ့။ အဲဒီ ၃၊ ၄ ဦးက အခွန်စလစ်မပေးပဲနဲ့ ပိုက်ဆံကောက်နေတာကို ပြည်သူ‌တွေက BNRA ရဲဘော်တွေကို ပြောတဲ့အခါမှာ သူတို့ရွာနား မှာအဲလို မလုပ်ဖို့သွားပြောပေမဲ့ ဆက်လုပ်နေကြတယ်ပေါ့။ ဒီကနေ့ ထပ်သွားပြောတဲ့အချိန်မှာတော့ သေနတ်မောင်းတွေချိန်ပြီး ကတောက်ကစဖြစ်တဲ့အနေအထားမှာ လုံးထွေးမှုဖြစ်သွားတယ်၊ သေနတ်နဲ့ ပစ်ခတ်တဲ့အဆင့်တော့ မဖြစ်ခဲ့ပါဘူး” လို့ ဗိုလ်နဂါးက မောင်းကိုပြောပါတယ်။

ဒါ့အပြင် ၄င်းတို့ဖမ်းဆီးထားတဲ့ ကိုမင်းခိုင်ကို ပြန်လွတ်ပေးဖို့အတွက် မြို့နယ် ပအဖ၊ ပကဖ တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းထားပြီးဖြစ်ကြောင်းနဲ့ တာဝန်ရှိသူတွေ လာရောက်ခေါ်ယူတဲ့အခါ ပြန်လည်ထည့်ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ မြို့နယ် ပကဖ၊ ပလဖဘက်က တာဝန်ရှိတဲ့သူတွေကို ဆက်သွယ်ထားပါတယ်၊ ဒီအတိုင်းပြန်လွတ်ဖို့ကျပြန်တော့လည်း လမ်းမှာတစ်စုံတစ်ခုဖြစ်သွားရင် ကျနော်တို့နောက်ဆက်တွဲပြဿနာတွေ ရှိသွားနိုင်တယ်၊ ဒါကြောင့် ဒီအတိုင်းတော့ ပြန်လွတ်မှာ မဟုတ်ဘူး၊ တာဝန်ရှိတဲ့သူတစ်ယောက်နဲ့ပဲ ကျနော်တို့ ပြန်အပ်ဖို့ ဆက်သွယ်ထားပါတယ်” လို့ ဗိုလ်နဂါးက ဆက်ပြောခဲ့ပါတယ်။

အဆိုပါ ဂိတ်စီးနင်းခံရမှုနဲ့ ပတ်သက်ပြီး ပါဝင်ခဲ့သူနဲ့ သက်ဆိုင်သူများကို မောင်းမှ ဆက်သွယ်မေးမြန်းထားခြင်းသာဖြစ်ပြီး၊ ယင်းအခင်းဖြစ်ပွားမှုနဲ့ ပါဝင်ပတ်သက်သူများရဲ့ ပြောဆိုခဲ့မှုများအပေါ် မောင်းအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

0 Shares:
You May Also Like
Read More

ကောလင်းခရိုင်တပ်ရင်း ၂ ဆီ လက်နက်နဲ့ အလင်းဝင်လာသူတွေကို ကျပ်သိန်း ၃၀ စီ ဆုချီးမြှင့်

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့တွင်းက အကြမ်းဖက်စစ်ကောင်စီတပ်တွေကနေ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကောလင်းခရိုင် တပ်ရင်း ၂ ထံ လက်နက်နဲ့ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကျပ်သိန်း ၃၀ စီ ဆုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
Read More

မောင်တောကို အပြီးသတ်သိမ်းယူဖို့ AA ထိုးစစ်ဆင်နေပြီး အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အပြင်းအထန် ခုခံနေ

ရခိုင်ပြည်နယ်၊ မောင်တောဒေသကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့ ရခိုင့်တပ်တော် AA ဟာ စက်တင်ဘာလ ဒုတိယအပတ်ကတည်းက နခခ (၅) နယ်ခြားစောင့်ဌာနချုပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အကြမ်းဖက်စစ်တပ်ကလည်း လေကြောင်းကနေ ပစ်ကူပေးတာ၊ လေယာဉ်ဗုံးကြဲတာတွေပြုလုပ်နေတာကြောင့် နှစ်ဘက် ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ပြည်သူကြောင့် တော်လှန်ရေးအောင်မြင်နေတာဖြစ်ပြီး ပြည်သူတွေ ဒုက္ခကို ကြံ့ကြံ့ခိုင် ကျော်လွှားတောင့်ခံနေကြတာကို ဂုဏ်ယူတယ်လို့ KNU အထွေထွေအတွင်းရေးမှူးချုပ် ပြော

နွေဦးတော်လှန်ရေး အောင်မြင်နေတာဟာ ပြည်သူကြောင့် ဖြစ်ပြီး ပြည်သူတွေအနေနဲ့ ဒုက္ခကို ကြံ့ကြံ့ခိုင်ကာ ကျော်လွှားတောင့်ခံနေကြတာကို ဂုဏ်ယူတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ပြောပါတယ်။
Read More

Spring Warriors Column က တပ်ရင်းမှူးအပါအဝင် ရဲဘော် ၆ ယောက် ကျဆုံးခြင်း တစ်နှစ်ပြည့်ပြီ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ စစ်ဒေသခွဲ၂ ၊ ဗျူဟာ၂၅ ၊ ဖာပွန်ခရိုင်တပ်ရင်း ၁ - Spring Warriors Column (P27001) က တပ်ရင်းမှူးအပါအဝင် ကျဆုံးရဲဘော် ၆ ယောက်ရဲ့ ကျဆုံးခြင်း တစ်နှစ်ပြည့်အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

လားရှိုးက နည်းပညာအထက်တန်းကျောင်းကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် MNDAA သိမ်းပိုက်ထားတဲ့ လားရှိုးမြို့က နည်းပညာအထက်တန်းကျောင်းကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ လားရှိုးမြို့ ပြန်လည်ထူထောင်ရေးက ထုတ်ပြန်ထားပါတယ်။
Read More

နှစ်ပေါင်း ၄၀ ကျော် အခြေစိုက်တပ်စွဲခဲ့တဲ့ သိန္ဓောစခန်းမှ စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာထွက်ပြေး

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သိန္ဓောကျေးရွာအခြေစိုက်ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ရေးအရ အဓိကကျတဲ့ သိန္ဓောစခန်းကနေ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့  အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တိုင်းစစ်ဌာန (တနင်္သာရီ) က ထုတ်ပြန်ထားပါတယ်။