မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းနဲ့ ဆင်ဖြူကျွန်းမြို့တွေမှာ အခုရက်ပိုင်းအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးမှုတွေ ဆိုးဆိုးရွားရွား မြင့်တက်လာသလို၊ ဆေးရုံတက်ရောက်ကုသနေတဲ့ လူနာတွေနဲ့ လူနာစောင့်တွေကိုလည်း PDF အဖြစ် စွပ်စွဲစစ်ဆေးတာတွေ ရှိနေတယ်လို့ ပြည်သူ့ညီနောင်-စလင်းတပ်ဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
အကြမ်းဖက်စစ်တပ်အနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့လောက်ကစလို့ သူတို့စိုးမိုးထားနိုင်တဲ့ စလင်းနဲ့ ဆင်ဖြူကျွန်းမြို့တွေပေါ်မှာ ပေါ်တာဆွဲဖမ်းဆီးတာတွေကို ဆိုးဆိုးရွားရွား ပြန်လည်လုပ်ဆောင်လာခဲ့ပြီး၊ ၃ရက်အတွင်း လူငယ်အယောက် ၆၀နီးပါးအထိ ပေါ်တာဆွဲ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဒီလိုပေါ်တာဆွဲဖမ်းဆီးတာတွေကို အတုအယောင်ရွေးကောက်ပွဲ အပိုင်း(၂) ပြီးဆုံးသွားပြီးနောက်ပိုင်းမှာ ဆိုးဆိုးရွားရွား ပြန်လည်လုပ်ဆောင်လာခဲ့တာဖြစ်ပြီး အရင်လိုပဲ ငွေကြေးတက်နိုင်သူတချို့ ပြန်လည်လွတ်မြောက်လာတယ်လို့ ပြည်သူ့ညီနောင်-စလင်းတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ မြို့ပေါ်ရပ်ကွက်တွေမှာ အိမ်နံပါတ်အလိုက် ဧည့်စာရင်းစစ်ဖမ်းဆီးတာတွေအပြင် ကူတို၊ လက်ပံကန်နဲ့ တောစိမ့်တို့လို ကျေးရွာတွေဘက်မှာပါ ပေါ်တာဆွဲဖမ်းဆီးတာတွေကို ဆိုးဆိုးရွားရွားလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဇန်နဝါရီလ ၁၃ရက်နေ့က စပါးတိုက်လာသူ လူငယ် ၃ယောက်အပါအဝင် စိုက်ပျိုးရေးဆေးဆိုင်လုပ်သား ၁ယောက်နဲ့ အလုပ်ပြန်လာသူတွေပါ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
ပုံစာ- အကြမ်းဖက်စစ်သားနှင့် စစ်တပ်လက်ပါးစေများ စစ်ဆေးရေးလုပ်ဆောင်နေစဥ်(ပုံဟောင်း)
ဖမ်းဆီးခံရသူတွေထဲမှာ အသက် ၁၇နှစ်ကစလို့ ၄၀ ဝန်းကျင်အထိ ပါဝင်ပြီး လက်ရှိန်အချိန်အထိ ပြန်လည်လွတ်မြောက်လာသူဟာ ၆ယောက်ထက် မပိုသေးဘူးလို့လည်း ပြည်သူ့ညီနောင်-စလင်းတာဝန်ရှိသူက ဆက်ပြောပါတယ်။
“ပြန်လွတ်လာတဲ့သူတစ်ယောက်ရဲ့ ပြောပြချက်အရဆို သူ့ကို စလင်းရဲစခန်းကိုခေါ်သွားကြောင်း၊ ရဲစခန်းထဲမှာ အခြားအဖမ်းခံရတဲ့သူတွေလည်း အများကြီးရှိကြောင်းနဲ့ ခန့်မှန်းခြေ အမျိုးသား ၅၀လောက်ဟာ ရဲစခန်းအချုပ်နဲ့၊ ထွေအုပ်ရုံးအချုပ်ထဲမှာ ရှိနေပြီး တချို့ကတော့ လူစားထည့်ဖို့အတွက် သိန်း ၁၀၀ နဲ့ ညှိနှိုင်းနေတာကို ကြားသိခဲ့ရတယ်” လို့ ပြည်သူ့ညီနောင်-စလင်းတပ်ဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
အဲ့ဒီနောက် ဇန်နဝါရီလ ၁၄နဲ့ ၂၅ရက်နေ့တွေမှာလည်း စလင်းမြို့ပေါ်ရပ်ကွက်တွေထဲမှာ အခုလိုပေါ်တာဆွဲခံရတာတွေ ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဇန်နဝါရီလ ၁၃ ရက်နေ့ကစလို့ စလင်းနဲ့ဆင်ဖြူကျွန်းမြို့ပေါ်က ဆေးရုံတွေမှာ ဆေးရုံ တက်ရောက်ဆေးကုသနေရတဲ့ လူနာတွေနဲ့ လူနာစောင့်တွေကိုပါ PDF တပ်ဖွဲ့ဝင်တွေအဖြစ် စွပ်စွဲပြီး ဆိုးဆိုးရွားရွား ဆက်ဆံပြုမူလာတယ်လို့ ပြည်သူ့ညီနောင်-စလင်းတပ်ဖွဲ့တာဝန်ရှိသူက မောင်းကိုပြောခဲ့ပါတယ်။