အကြမ်းဖက်စစ်တပ် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်ပေါ် ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီး ချင်းလူ့အခွင့်အရေးအဖွဲ့ (Chin Human Rights Organization- CHRO) ရဲ့တိုင်ကြားမှုကို တီမောလက်စ်တေနိုင်ငံက လက်ခံခဲ့တဲ့အတွက် စစ်ကော်မရှင်အတွက် အနာပေါ်တုတ်ကျသလိုဖြစ်ကာ တီမောလက်စ်တေသံရုံး ယာယီတာဝန်ခံကို စစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီးဌာနက ခေါ်ယူသတိပေးခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်က ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို တရားစွဲနိုင်ဖို့ ချင်းလူ့အခွင့်အရေးအဖွဲ့က တီမောနိုင်ငံကို တိုင်ကြားခဲ့တာဖြစ်ပြီး အဲဒီတိုင်ကြားမှုအပေါ် တီမောသမ္မတက လက်ခံတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
ဒီလိုလက်ခံတွေ့ဆုံတာဟာ တီမောအစိုးရအနေနဲ့ အာဆီယံပဋိညာဉ်နဲ့ အာဆီယံရဲ့ အခြေခံမူတွေကို ချိုးဖောက်ပြီး မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာဖြစ်တဲ့အတွက် စစ်ကော်မရှင် နိုင်ငံခြားရေးက ရန်ကုန်ရှိ တီမောလက်စ်တေ သံရုံးယာယီတာဝန်ခံကို ခေါ်ယူသတိပေးခဲ့တာလို့ စစ်လော်ဘီသတင်းများက ဆိုပါတယ်။
အခုရက်ပိုင်းအတွင်း အကြမ်းဖက်စစ်တပ်အနေနဲ့ ၄င်းတို့ကျူးလွန်ခဲ့တဲ့ စစ်ရာဇတ်မှုနဲ့ လူသားမျိုးနွယ်ပေါ် ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာတရားရုံးမှာ တရားရင်ဆိုင်လျှောက်လွှဲနေရချိန်မှာ ထပ်မံတိုင်ကြားခံမှုတွေ ကြုံလာတဲ့အတွက် စစ်ကော်မရှင်အတွက် အနာပေါ်တုတ်ကျခဲ့တာဖြစ်ပြီး အခုလို တုံ့ပြန်တာတွေ ရှိလာနေတာဖြစ်တယ်လို့ လေ့လာသူတချို့က ဆိုပါတယ်။
ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ အကြမ်းဖက်စစ်တပ် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် နစ်နာသူတွေကိုယ်စား စုံစမ်းစစ်ဆေးပေးဖို့ တီမောနိုင်ငံ ပြည်သူ့ရှေ့နေရုံးကို တောင်းဆိုတဲ့ ရာဇဝတ်မှုဆိုင်ရာတိုင်ကြားစာတစ်စောင်ကို တင်သွင်းခဲ့တယ်လို့ သိရပါတယ်။
ယင်းတိုင်ကြားစာမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို အုပ်စုလိုက်မုဒိမ်းကျင့်မှု၊ သတင်းထောက်တစ်ဦးနဲ့ ၁၃ နှစ် အရွယ် ကလေးငယ်တစ်ဦး အပါအဝင် လူ ၁၀ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ပါဝင်တယ်လို့ သိရပါတယ်။
အဲဒီတိုင်ကြားမှုနဲ့ပတ်သက်ပြီး ချင်းလူ့အခွင့်အရေးအဖွဲ့က တီမောအရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ ကက်သလစ်အသင်းတော်နဲ့ တီမောပြည်သူတွေအနေနဲ့ နစ်နာသူတွေ တရားမျှတမှုရရဖို့ ဝိုင်းဝန်းကူညီပေးကြဖို့ တောင်းဆိုထားပါတယ်။