မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ ခြင်းခတ်နေတဲ့ ပျူစောထီးတွေကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ယခင်စစ်ကောင်စီ ဝန်ကြီးဖြစ်ခဲ့သူ စစ်ဗိုလ်ချုပ်ဟောင်းစိုးမောင်၏တူ ဆင်ချောင်းရွာ ပျူစောထီးခေါင်းဆောင် လင်းထင်(ခ) ငလင်း အပါအဝင် ပျူ (၁၀)ယောက်နီးပါးသေဆုံးခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကမောင်းကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ(၁၅)ရက်နေ့ ညနေပိုင်းက ရေစကြိုမြို့နယ်၊ ရေစကြို-ပခုက္ကူကားလမ်းဘေး ဆင်ချောင်ပျူရွာအတွင်း ခြင်းခတ်နေတဲ့ ပျူစောထီးတွေကို ပကဖတပ်ဖွဲ့ဝင်တွေက ဒရုန်းနဲ့ ဗုံးသီးအများအပြား ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကြောင့် ခြင်းခတ်နေတဲ့ ဆင်ချောင်းရွာ ပျူစောထီးခေါင်းဆောင် လင်းထင်နဲ့ အပေါင်းအပါတွေ ထိခိုက်သေဆုံးသွားခဲ့တယ်လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

သေဆုံးသွားတဲ့ ဆင်ချောင်းရွာ ပျူစောထီးခေါင်းဆောင်လင်းထင် (ခ) ငလင်းဟာ စစ်တပ်ဝန်ကြီးဟောင်း စိုးမောင်ရဲ့ တူတော်စပ်သူဖြစ်တာကြောင့် ဦးလေးဖြစ်သူအရှိန်နဲ့ အရပ်သားတွေအပေါ် ဆက်ကြေးကောက်ငွေညှစ်တာ၊ အမျိုးသမီးငယ်တွေအပေါ် အဓမ္မကျင့် အနိုင်ကျင့်တာတွေ အများအပြား လုပ်ဆောင်ခဲ့သူဖြစ်ကြောင်း သက်သေအချက်အလက်တွေ ရရှိထားတယ်လို့လည်း ရေစကြို(ပ.က.ဖ) က ထုတ်ပြန်ထားပါတယ်။
လင်းထင်(ခ) ငလင်းကို လက်ရဖမ်းဆီးနိုင်ဖို့အတွက် ဒရုန်းနဲ့ ဝေဟင်ကတဆင့် ကင်းထောက်တာနဲ့ မြေပြင်ကနေ စနိုက်ဘာတပ်ဖွဲ့ဝင်တွေက စောင့်ကြည့်တာကို တစ်လကျော်ကြာ လုပ်ဆောင်ခဲ့ပြီးနောက် အခုလို အပြီးသတ်ရှင်းလင်းခဲ့တာလို့လည်း ဆိုပါတယ်။
“ဒရုန်းက (၂)စင်းနဲ့ Drop Bomb ဗုံးသီး (၁၅)လုံးလောက် ချခဲ့တာပါ။ လင်းထင်အပါအဝင် ပျူ ၁၀ယောက်လောက်သေတာ အတည်ပြုနိုင်ပါတယ်။ အသေးစိတ်တွေစုံစမ်းထားတာတွေတော့ ပြောမရသေးပါဘူး” လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူကမောင်းကို ဆက်ပြောပါတယ်။
ဒီဖြစ်စဥ်အပြီး သေဆုံးသွားတဲ့ လင်းထင်(ခ) ငလင်းရဲ့အပေါင်းအပါ ပျူစောထီးတွေဟာ ရေစကြို-ပခုက္ကူကားလမ်းပေါ် ခရီးသွားပြည်သူတွေကို စစ်ဆေးမှုတွေ ဆိုးဆိုးရွားရွားလုပ်ဆောင်နေတယ်လို့လည်း ရေစကြိုမြို့နယ်(ပ.က.ဖ)က ထုတ်ပြန်ထားပါတယ်။
ပျူစောထီးခေါင်းဆောင် လင်းထင်(ခ) ငလင်းဟာ အမျိုးသမီးတွေကို မုဒိန်းကျင့်တာ၊ သတ်ဖြတ်တာတွေ ကျူးလွန်ခဲ့ကြောင်းကို အခြားရေစကြိုအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ကလည်း မောင်းကို အတည်ပြုပြောကြားခဲ့ပါတယ်။