စစ်ကိုင်းတိုင်း၊ ဝက်လက်နယ်က စစ်ဘေးရှောင်တွေ နေထိုင်တဲ့ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိတယ်လို့ Wetlet Informational Network ဆီကသိရပါတယ်။
ဇန်နဝါရီ ၁၆ ရက် မနက် ၁၁ နာရီလောက်မှာ ဝက်လက်နယ်အရှေ့ခြမ်းရှိ ညောင်ကန်ရွာ စာသင် ကျောင်းကို တံတားလေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးက ပေါင်၂၀၀ ဗုံးသီး ၄ လုံး နဲ့ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး စက်သေနတ်နဲ့လည်း ပစ်ခတ်သွားတယ်လို့ သိရပါတယ်။
အခုလို စစ်ဘေးရှောင်တွေ နေထိုင်တဲ့ စာသင်ကျောင်းကို အကြောင်းမဲ့ဗုံးကြဲ တိုက်ခိုက်သွားတဲ့အတွက် စစ်ရှောင်အမျိုးသမီး ၁ ယောက် ပွဲချင်းပြီးသေဆုံးပြီ ကျန်တစ်ယောက်ကတော့ ဒီနေ့မနက်မှာ ထပ်မံသေဆုံးသွားပါတယ်။
ဒါ့အပြင် အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ရှောင်ပြည်သူလေးယောက် ထိမှန်ဒဏ်ရာရရှိခဲ့ကာ နေအိမ်တစ်လုံးမီးလောင်ပျက်ဆီးသွားခဲ့ပြီး နွားတစ်ကောင်လည်း သေဆုံးသွားခဲ့ပါတယ်။ဒဏ်ရာရရှိထားတဲ့သူတွေထဲမှာလည်း တစ်ချို့ စိုးရိမ်ရတယ်လို့ သိရပါတယ်။
“စာသင်ကျောင်းထဲနေတာက ညောင်ကန်ရွာသူ၊ ရွာသားမဟုတ်ဘူး၊ မတ္တရာဘက်က စစ်ဘေးရှောင်လို့ သိရတယ် စာသင်ကျောင်းမှာနေတယ်ဗျ အရင်ကအဲ့ရွာမှာလေကြောင်း တိုက်ခိုက်မှုမရှိဘူးဗျ၊ နောက်တစ်ချက်က မြေပြင်စစ်ကြောင်းလည်းမရှိဘူး၊ ဒဏ်ရာရတဲ့သူတွေထဲမှာ ဒီနေ့နောက်ထပ် တစ်ယောက် သေဆုံးတယ် သိလို့ရတယ်၊ ဘယ်သူဘယ်ဝါလည်း မသိရသေးဘူး၊ ဒဏ်ရာရသူတွေထဲက တစ်ယောက်ခြေထောက်ဖြတ်ရမယ်လို့ သိရတယ်”လို့ Wetlet Informational Network မှ တာဝန်ခံကိုနဂါးလေးကမောင်းကိုပြောပါတယ်။
လက်ရှိမှာတော့ ညောင်ကန်ရွာက ပြည်သူတွေအပြင် စစ်ဘေးလာရောက်တိမ်းရှောင်နေတဲ့ ပြည်သူတွေပါ ထပ်မံထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။အကြမ်းဖက်စစ်တပ်က ထပ်မံလေကြောင်းတိုက်ခိုက်မှာကို စိုးရိမ်တဲ့အတွက် ငါးရယ် ၊ရှိမ်းမကား ၊ရှိမ်းမကားရွာသစ် ၊အင်ဒေါင်း ၊ မင်းရွာတောင် ၊ရွာသာ ၊ ကမ်းဖြူ ၊ မှော်ဦး ၊ ရေလည်မော် ၊သက်ရက်ပင် ၊ ငါးပတ်ချောင်း ၊ ဂူကြီး ၊ သစ်ဆိပ့် ၊ လှေပို့ဆိပ် ၊ ရွာသစ် ၊ ရေဂမိုး ၊ ရှားကွဲ ၊ ထုံးဘိုစတဲ့ကျေးရွာက ပြည်သူတွေပါ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ကောက်ယူထားတဲ့ သတင်းအချက်အလက်များအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ အကြမ်းဖက်စစ်တပ်ကြောင့် အမျိုးသမီး ၁၇ ယောက် နဲ့ အမျိုးသား ၁၇ ယောက်တို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပုံစာ- ဝက်လက်မြို့နယ် ညောင်ကန်ရွာစာသင်ကျောင်းကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့အပြီးမြင်ကွင်း