ပဲခူးတိုင်း၊ ဝေါမြို့နယ် ကျေးရွာများရှိ ပြည်သူများအနေနဲ့ ရပ်ရွာအတွင်း ပြည်သူကိုအကာအကွယ်ယူပြီး သွားလာလှုပ်ရှားနေတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ နီးရာနေရာတွေမှာ နေထိုင်သွားလာခြင်း မပြုလုပ်ဖို့ ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။
အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ ဝေါမြို့နယ်ရှိ ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးပြီး ရွာပြင်ဘက်မှာ ဂိတ်ချတာမျိုးတွေပြုလုပ်လေ့ရှိပြီး၊ အဆိုပါအထိုင်ချထားတဲ့ စစ်ကော်မရှင် တပ်သားတွေကို ကာကွယ်ရေးပူးပေါင်းတပ်က စနိုက်ဘာနဲ့ သွားရောက်ပစ်ခတ်တာမျိုးတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
အဲဒီလို စနိုက်ဘာနဲ့ မကြာခဏ ပစ်ခတ်ခံရတဲ့အတွက် စစ်ကော်မရှင်တပ်သားတွေဟာ ရွာထဲမှာအထိုင်ချပြီး အရပ်ဝတ်ဝတ်ဆင်ကာ ပြည်သူတွေနဲ့ ထင်ယောင်ထင်မှားဖြစ်အောင်နေထိုင်နေကြတယ်လို့ သိရပါတယ်။
“သူတို့ကအခု ယူနီဖောင်း သိပ်မဝတ်တော့ဘူး၊ အရပ်ဝတ်တွေနဲ့ကြီးပဲ၊ ဒါပေမယ့် လက်နက်တွေတော့ ကိုင်ထားတယ် အဝေးကကြည့်ရင် ပြည်သူလိုလိုဘာလိုလိုနဲ့၊ ဒီလို စစ်တပ်က ပြည်သူကို ကာဗာယူပြီး တပ်စွဲထားတာကြောင့် ပြည်သူတွေအနေနဲ့ တပ်၊ ဂိတ်စခန်း၊ ရဲစခန်း စသဖြင့် သူတို့ရဲ့ အဖွဲ့အစည်းတွေနဲ့ ဝေးဝေးနေဖို့အတွက် သတိထပ်ပေးတာပါ”လို့ ဝေါမြို့နယ်ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အခုလို အသိပေးထုတ်ပြန်ရခြင်းဟာ စစ်ကော်မရှင်တပ်သားတွေနဲ့ ကာကွယ်ရေးပူးပေါင်းတပ်တို့ ထိတွေ့မှုဖြစ်ပွားခဲ့သည့်အခါ လူမှားပစ်ခတ်နိုင်မှုအပေါ် စိုးရိမ်ခြင်းကြောင့်ဖြစ်သလို၊ မစ်ရှင်တွေမှာလည်း ပြည်သူကိုငဲ့ပြီး ပြန်လည် ဆုတ်ခွာပေးရတာတွေလည်း ရှိခဲ့တာကြောင့်လို့ ဆိုပါတယ်။
လက်ရှိတော်လှန်ရေးအင်အားစုတွေက ပြည်သူကို မထိခိုက်အောင် စစ်ဆင်ရေးတွေကို သတိထားလုပ်ဆောင်နေတယ်လို့လည်း အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။
ဝေါမြို့နယ်ထဲမှာ လာမယ့်ဒီဇင်ဘာ ၂၅ ရက်နေ့မှာ စစ်အုပ်စုရဲ့ အတုယောင်ရွေးကောက်ပွဲကို ကျင်းပမှာဖြစ်တဲ့အတွက် ဝေါမြို့နယ်အတွင်းရှိ ပြည်သူတွေကို ဇန်နဝါရီ ၂၀ ရက်နေ့ကစပြီး ကုန်လမ်း၊ ရေလမ်း အဝင်အထွက်တွေကို တင်းကျပ်စွာပိတ်ဆို့ထားတယ်လို့လည်း သိရပါတယ်။