မကွေးတိုင်း၊ သရက်ခရိုင်၊ အောင်လံမြို့နယ်မှာ အသက်(၂၉) နှစ်အရွယ် မသန်စွမ်း အမျိုးသား တယောက်ကို အကြမ်းဖက်စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးပြီး မိသားစုနဲ့ အဆက်သွယ်ဖြတ်ကာ စစ်သင်တန်းကျောင်း တစ်ခုဆီ ပို့ဆောင်လိုက်ပြီလို့ အောင်လံလူထုသတင်းအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
အောင်လံမြို့နယ်၊ ကွမ်းလောင်း(ကုန်း) ကျေးရွာက ထွန်စက်မောင်းတဲ့ ကိုသီဟနိုင်ကို အကြမ်းဖက် စစ်တပ်က ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှာ ပေါ်တာဆွဲဖမ်းဆီးခဲ့တာလို့ သိရပြီး လက်ရှိအချိန်အထိ မိသားစုနဲ့အဆက်သွယ် ဖြတ်တောက်ခံထားရတယ်လို့ သိရပါတယ်။
“ကိုသီဟနိုင် ပေါ်တာဆွဲခံရတဲ့ ကိစ္စသွားမေးတော့ သူတို့ပေးထားတဲ့လူ မဟုတ်ဘူး။ သူတို့လည်း မတတ်နိုင်ဘူးဆိုပြီး ခေါင်းရှောင်သွားပါတယ်။ သူတို့တွေယူထားတဲ့ငွေက သိန်း၅၀၀ လောက် ရှိပါတယ်။ တစ်အိမ်ထောင်ကို တစ်လ သုံးသောင်းဆိုပြီး ကောက်ခဲ့တာပါ။ အခုတော့ စစ်တပ် လက်ပါးစေတွေရဲ့ အကျင့်အတိုင်း ပြည်သူတွေရဲ့ငွေကိုဖြောင်လိုက်ပါတယ်” လို့ အောင်လံ လူထုသတင်းအဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
လက်ရှိ ကိုသီဟနိုင်ဟာ ရှမ်းပြည်နယ်၊ ကလောမြို့က စစ်သင်တန်းကျောင်း တစ်ခုမှာရောက်ရှိနေပြီး မိသားစုနဲ့ ဆက်သွယ်ခွင့် မရသေးဘူးဘို့ ဆိုပါတယ်။
စစ်မှုထမ်းလွတ်မယ်ဆိုပြီး ငွေလိမ်လည်ထားတဲ့ အုပ်ချုပ်ရေးမှူး သန်းလွင်နဲ့အပေါင်းအပါတွေဟာ ခေါင်းရှောင်နေတယ်လို့ အောင်လံလူထု သတင်းအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ကိုသီဟနိုင် ဟာ ဒူးအဆီဖုံးရောဂါနဲ့ မကြာခဏ ဆိုသလို ခြေထောက် ခွဲစိပ်ကုသမှု ခံယူနေရသူဖြစ်ပြီး ဇနီးဖြစ်သူနဲ့ အသက် (၈) နှစ် အရွယ်သမီး တယောက်ရှိတယ်လို့ သိရပါတယ်။
မိသားစုကို ထွန်စက်အငှားမောင်းကာ လုပ်ကိုင်ကျွေးမွေးနေသူ ဖြစ်တယ်လို့ အောင်လံလူထုသတင်းအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် ကိုသီဟနိုင် နေထိုင်ရာ ကွမ်းလောင်ကုန်းကျေးရွာအပါအဝင် ကွမ်းလောင်းကုန်း၊ ပျဥ်းပင်လှစတဲ့ ကျေးရွာတွေမှာ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူထားတဲ့ သန်းလွင်ဆိုသူနဲ့ နောက်လိုက် အပေါင်းအပါတွေက စစ်မှုထမ်း ရှောင်ကြေးအဖြစ် လစဥ် ငွေသိန်းရာနဲ့ချီ ကောက်ခံ နေကြတယ်လို့ ဆိုပါတယ်။
“ရွာသုံးရွာဆိုင်အုပ်ကြီး သန်းလွင်ရယ်၊ သူ့အောက်က ရာအိမ်မှုး ဇော်ဝမ်းရယ်၊ နောက်ပြီး ဒုရဂင်္ဗိုလ်ရွာ ရဲစခန်းက (၁)ပွင့်ဗိုလ်တို့ ပေါင်းပြီး အဲ့ဒီရွာ သုံးရွာက လတိုင်း ငွေသိန်း(၁၀၀)တောင်းပါတယ်။ ပေါ်တာဆွဲတာ မပါဖို့အထက်ကို ပေးရတယ်ဆိုပြီး တောင်းတာပါ။ သိရသလောက် ကွမ်းလောင်းကုန်းရွာက သိန်း(၄၀)၊ ကွမ်းလောင်းရေ ရွာက သိန်း(၄၀)နဲ့ ပျဥ်းပင်လှ က သိန်း(၂၀) ဆိုပြီးတောင်း တာပါ။ ရွာခံတွေပေး နေရတာ (၄)လလောက်ရှိပါပြီ။ အဲ့တာမပေးနိုင်တဲ့ သူတွေကို စစ်တပ် ခေါ်ဖမ်းခိုင်းမယ် ဆိုပြီး သေနတ်ပြ ခြိမ်းခြောက် ပါတယ်” လို့ အောင်လံလူထုသတင်းအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
ကိုသီဟနိုင် ပေါ်တာဆွဲဖမ်းဆီးခံရပြီးနောက် စစ်မှုထမ်း ကြေးတောင်းခံထားတဲ့ အုပ်ချုပ်ရေးမှူးနဲ့ အပေါင်းအပါတွေဘက်က ပြေလည်အောင် တာဝန်ယူဖြေရှင်းပေးတာမျိုးမရှိပဲ မသိချင်ယောင်ဆောင် နေတယ်လို့ ဆိုပါတယ်။
ဒါအပြင် ဒီသတင်းထွက်ပေါ် လာတာကြောင့် ဒေသခံတွေနဲ့ မိသားစုဝင်တွေကို အတင်းအကြပ် ဖိအားပေးနေကြတယ်လို့ သိရပါတယ်။