မကွေးတိုင်း၊ တောင်တွင်းကြီး မြို့နယ်မှာ သစ်လှည်း၊ ဝါးလှည်းတွေဆီက ဆက်ကြေးကောက် ငွေညှစ်ပြီး ပြန်လာတဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာ လေးယောက် သေဆုံးပြီး သေနတ် ငါးလက်နဲ့ ကျည်ဆံတွေ ရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ (တောင်တွင်းကြီး) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့ ညပိုင်းက တောင်တွင်းကြီးမြို့နယ်၊ နေပြည်တော် -တောင်တွင်းကြီး ရထားလမ်းဘေး၊ ကုလားမကျေးရွာ လမ်းပိုင်းမှာ ဆက်ကြေးကောက် ငွေညှစ်ပြီး ပြန်လာတဲ့ စစ်အုပ်စုနဲ့ တော်လှန်ရေး တပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
” ဒီကောင်တွေ ဆက်ကြေးကောက်တဲ့ သတင်းက ရထားတာကြာပါပြီ။ သေချာအောင်စုံစမ်းပြီး အချိန်ယူ လုပ်ဆောင် ခဲ့တာပါ။ ထိတွေ့မှုဖြစ်ပြီး ကျနော်တို့ လည်းအထိခိုက်မရှိ ညတွင်းချင်းပဲ ပြန်ဆုတ်ခဲ့ပါတယ်” လို့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ (တောင်တွင်းကြီး) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
တိုက်ပွဲပြီး ဆုံးချိန်မှာတော့ သေဆုံးသွားတဲ့ အကြမ်းဖက်စစ်သားတွေဆီ ကနေ MA1 သေနက်လေးလက်၊ 79 သေနတ်တလက်၊ ၄၀ မမဗုံးသီး ၆ လုံး၊ ကျည် ၉၉၀ တောင့်၊ ကျည်ဘောက် ၁၀ ခုနဲ့ ကျည်ကာ ၂ ခုတို့ကိုလည်း တော်လှန်ရေးတပ်တွေ သိမ်းဆည်း ရမိခဲ့ပါသေးလို့ ဆိုပါတယ်။

တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့မှုဖြစ်ခဲ့တဲ့ စစ်အုပ်စုဟာ တောင်တွင်းကြီး မြို့နယ်အခြေစိုက် ကပစ(၁၈) တပ်က အကြမ်းဖက် စစ်သားတွေ ဖြစ်ကြပြီး ကပစ (၁၈) နဲ့ သိပ်မဝေးတဲ့ ပျဥ်းချောင်း ကျေးရွာမှာ အထိုင်ချ တပ်ဆွဲနေတာလို့ သိရပါတယ်။
အဲ့ဒီရွာကနေမှတဆင့် နေ့စဥ် ကုလားမကျေးရွာ လမ်းပိုင်းပေါ်ကိုတက်ကာ လှည်းတွေ၊ ကားတွေဆီက ဆက်ကြေးကောက် ငွေညှစ် နေတာကြောင့် အခုလို အချိန်ယူ တိုက်ခိုက်ခဲ့တာလို့လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့-ပုဏ္ဏဝတီ (တောင်တွင်းကြီး) တာဝန်ရှိသူက ပြောပါတယ်။
စစ်အုပ်စုနဲ့ တော်လှန်ရေးတပ် တွေဟာ ၁၅ မိနစ်ကျော်ကြာအပြန် အလှန်ပစ်ခတ်ခဲ့ကြပြီး အဲ့ဒီပစ်ခတ်မှု အတွင်း စစ်အုပ်စုဘက်က ထိခိုက် သေဆုံးမှုတွေ ရှိခဲ့သလို လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ (တောင်တွင်းကြီး) တာဝန်ရှိသူက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ (တောင်တွင်းကြီး)နဲ့ အတူ သရက်ခရိုင် အမှတ် ၅ တပ်ရင်း(ဆင်ပေါင်ဝဲမြို့နယ် )၊ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မကွေးပြောက်ကျား တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ လည်းသိရပါတယ်။
