စစ်ကိုင်းနဲ့ မကွေးတိုင်းထိစပ်ရာ ကလေး-ကဘော်-ဂန့်ဂေါလမ်းပိုင်း အတွင်း ဖြစ်ပွားနေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့ တိုက်ပွဲတွေမှာ တပ်စိတ်မှူး အပါအဝင် CDF -KKG က တပ်ဖွဲ့ဝင် ၁၂ ယောက် ကျဆုံးခဲ့ရ တယ်လို့ Chinland Defense Force Kalay-Kabaw-Gangaw သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလက စလို့ လက်ရှိအချိန်အထိ ဖြစ်ပွားနေတဲ့ ကလေး-ကဘော်-ဂန့်ဂေါလမ်းပိုင်းအတွင်းက အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့ တိုက်ပွဲတွေမှာ CDF -KKG တပ်ရင်း ၆ ခုက တပ်ဖွဲ့ဝင်တွေ ကျဆုံးခဲ့ ရတယ်လို့ ဆိုပါတယ်။
CDF-KKG သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူကတော့ ကျဆုံးခဲ့တဲ့ ရဲဘော်တွေကို အသိမှတ်ပြု ကျေးဇူးတင်တယ်လို့ ပြောပါတယ်။
” တပ်ရင်းအသီးသီးက ရဲဘော်တွေ ရဲ့ကြိုးစားမှု၊ ပေးဆပ်မှုတွေကို အသိမှတ် ပြုတယ်။ တိုက်ပွဲတွေ တောက်လျှောက် ဖြစ်နေတော့ ထုတ်ပြန်ချက်တွေ မထုတ်ပြန် ဖြစ်ခဲ့တာပါ။ ပေးဆပ်မှုအတွက် အများကြီးကျေးဇူးတင်ပါတယ်” လို့ Chinland Defense Force Kalay-Kabaw-Gangaw သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ကျဆုံးခဲ့ရတဲ့ သူတွေဟာ CDF – KKG တပ်ရင်းတွေ ဖြစ်တဲ့ တပ်ရင်း(၁၊ ၂၊ ၃၊ ၄၊ ၅၊ ၇) တို့မှာ တာဝန် ထမ်းဆောင်နေကြ သူတွေဖြစ်ပြီး တပ်စိတ်မှူးနဲ့ ရဲမေတွေ ပါဝင်သလို မှန်တော၊ အောင်သာယာ၊ လက်ပံချောင်းနဲ့ အနောက်တောလေးရွာ စတဲ့ တိုက်ပွဲတွေမှာ အသီးသီး ကျဆုံး ခဲ့ကြတာလို့လည်း သိရပါတယ်။
တပ်စုမှူးရာထူးနဲ့ တာဝန်ထမ်းဆောင်နေတဲ့ Pu Lian Khem၊ ရဲဘော် Bawi Tuah Kim ၊ ရဲဘော်ဖြိုးကိုအောင်၊ ရဲဘော်မင်းကို၊ ရဲဘော် -Pum Luah Cin (or)Pum Lua၊ ရဲဘော် မောင်အေး (ခ) ရဲမာန်၊ ရဲဘော် Bi Za Ting၊ ရဲဘော်ဇေယျာမျိုး၊ ရဲဘော်ကြယ်စင်ကျော်၊ ရဲဘော်ရန်လင်းအောင်၊ ရဲဘော်ရှိုင်းထက်စိုး(ခ) ပိန်သေးနဲ့ ရဲမေ Dim Man Cing တို့ဟာ ၄ လ တာတိုက်ပွဲအတွင်း အသီးသီး ကျဆုံးခဲ့ရတယ်လို့ Chinland Defense Force Kalay-Kabaw-Gangaw က ပုံတွေနဲ့တကွ ထုတ်ပြန် ထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်း ကစလို့ CDF KKG နဲ့ မဟာမိတ် တပ်ဖွဲ့တွေဟာ Major Operation စစ်ဆင်ရေးအဖြစ် ကလေးနဲ့ ဂန့်ဂေါမြို့နယ်ကြားက အကြမ်းဖက် စစ်တပ်စခန်းတွေကို ချေမှုန်းတိုက်ခိုက် နေခဲ့တာဖြစ်ပြီး လက်ရှိ အချိန်အထိ ထိတွေ့မှုတွေ ရှိနေတယ်လို့ သိရပါတယ်။