ကရင်ပြည်နယ်၊ မြဝတီမြို့မှာ အကြမ်းဖက်စစ်တပ်က လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးမှုတာတွေ ပြန်လည် လုပ်ဆောင်လာနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ပေါ်တာဆွဲ ဖမ်းဆီးမှုတွေကို အခုရက်ပိုင်းမှာ ပြန်လည်စတင်လာတာဖြစ်ပြီး ညအချိန်တွေမှာ စစ်တပ်ဟာ ကား တွေနဲ့လိုက်လံ ဖမ်းဆီး ခေါ်ဆောင်နေတာလို့ မြို့ခံတွေက ဆိုပါတယ်။
“အခု ဖမ်းခံရတာ ၃-၄ယောက် ရှိနေပြီ။ ကုန်ခဲ့တဲ့ ၂ ရက်က အသိကောင်လေး တယောက်ပါ သွားတယ်။ မိသားစုက လိုက်တော့ သိန်း ၁၀၀ တောင်းတယ်။ မပေးနိုင်တော့ ပါသွားတာပဲ” လို့ အမည် မဖော်လိုတဲ့ မြဝတီမြို့ခံတယောက်က မောင်းကို ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ လူငယ်တွေကို မြဝတီမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ငွေကျပ်သိန်း ၁၀၀ တောင်းခံနေပြီး မပေးနိုင်ရင် ချက်ချင်း ဆံပင်ညှပ်ကာ တပ်မ ၂၂ ထဲကို ပို့ဆောင်နေတယ်လို့ ဆိုပါတယ်။
ဒေသခံတစ်ယောက်က “ဖမ်းခံရသူတွေက ရှိနေတယ်။ အသံမထွက်ရဲကြလို့ မသိဖြစ်နေ ကြတာ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ကလည်း ဝေစားမျှစား တွေပဲ။ အဓိကက ၅ အုပ်ကြီး ငစိုင်း၊ ၄ အုပ်ကြီး ဆီလှိုင်၊ ၃အုပ်ကြီး ရွှေတင် သူတို့ပဲ လုပ်နေတာ” လို့ ဆိုပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝှမ်း တော်လှန်ရေး အင်အားစုတွေရဲ့ တိုက်ခိုက်မှုကြောင့် နယ်မြေတွေ လက်လွတ်နေတဲ့ စစ်တပ်ဟာ အင်အားကို ပြန်လည်ဖြည့်တင်းဖို့အတွက် ပြီးခဲ့တဲ့ ၂၀၂၄၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စစ်မှုထမ်းဥပဒေကို စတင်အသက် သွင်းခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အပတ်စဉ် ၂၀ အထိ ရောက်ရှိနေပြီ ဖြစ်ပါတယ်။