ကရင်အမျိုးသားအစည်းအရုံး (KNU ) ထိန်းချုပ်ရာကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ဖားအံခရိုင်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ(၇) ဆီ အကြမ်းဖက်စစ်တပ် ပြည်သူ့စစ်မှုထမ်းစစ်သားနှစ်ယောက် လက်နက်ချ အလင်းဝင်လာတယ်လို့ သိရပါတယ်။
ကျန်တဲ့အကြမ်းဖက် စစ်သားတွေကိုလည်း နီးစပ်ရာတော်လှန်ရေးတပ်တွေဆီ လက်နက်ချဖို့လည်း KNU က ဒီနေ့ ထုတ်ပြန်ချက်မှာ တိုက်တွန်းထား ပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၂ ရက်နေ့မှာ အာဏာသိမ်းအကြမ်းဖက်စစ်တပ် ခမရ-၅၄၈ က အတင်းအဓမ္မစစ်မှုထမ်း စေခိုင်းခံရသူ တပ်သား စည်သူဟိန်း ၂၅ နှစ် နဲ့ မောင်မောင်စိုး ၂၄ နှစ် တို့ဟာ လက်နက်တွေနဲ့အတူ KNU/ KNLA ဆီ လက်နက်ချ အလင်းဝင် ဘက်ပြောင်းခိုလှုံလာတာလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
အဲဒီတပ်သားနှစ်ယောက်ဟာ အကြမ်းဖက်အာဏာသိမ်းစစ်တပ်မှ အတင်းအဓမ္မ ဖမ်းဆည်း စုဆောင်းခံရတဲ့ ပြည်သူ့စစ်မှုထမ်းတပ်သားတွေ လို့သိရ ပါတယ်။
ဒါ့အပြင်အကြောင်းအမျိုးမျိုးနဲ့ မတရားစစ်မှုထမ်းခိုင်းစေခံရတဲ့ အာဏာသိမ်း အကြမ်းဖက်စစ်တပ် အတွင်းက တပ်သားများအနေနဲ့ နီးစပ်ရာတော်လှန်ရေးတပ်တွေထံသို့ လက်နက်ချ အလင်းဝင် ပူးပေါင်းကြဖို့ကရင်အမျိုးသားအစည်းအရုံး ( KNU ) က တိုက်တွန်းထား ပါတယ်။
အလင်းဝင်ရောက်လာသူများအား တွေ့ရစဥ် (ဓာတ်ပုံ KNU) 

