ထိုင်းနိုင်ငံမှာ ရောက်ရှိ ခိုလှုံနေကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ အိမ်ရှင်ထိုင်းနိုင်ငံရဲ့ ဥပဒေတွေကို လေးစားလိုက်နာပြီး ဒေသခံတွေနဲ့ သဟဇာတဖြစ်အောင် နေထိုင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကနေ တိုက်တွန်းလိုက်ပါတယ်။
ထုတ်ပြန်ချက်မှာ အချက် ၄ချက်ကို ပြောဆိုထားပြီး မြန်မာနိုင်ငံအတွင်း စစ်အုပ်စုရဲ့ အကြမ်းဖက် ဖိနှိပ်မှုတွေနဲ့ စီးပွားရေးကျပ်တည်းမှု တွေကြောင့် အမိမြေကို စွန့်ခွာပြီး ထိုင်းနိုင်ငံမှာ ခေတ္တခိုလှုံ နေကြရသူတွေကို ရည်ရွယ်တယ်လို့ ဆိုထားပါတယ်။
မြန်မာနိုင်ငံသားတွေ အနေနဲ့ ထိုင်းနိုင်ငံရဲ့ ပြည်တွင်းနိုင်ငံရေးနဲ့ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်တွေမှာ ဘယ်နည်းနဲ့မှ ပါဝင်ပတ်သက်တာ မလုပ်ဖို့၊ ဥပဒေနဲ့ မညီညွတ်တဲ့ ဘယ် လုပ်ဆောင်ချက်တွေမှာ မမပါဝင်ဖို့၊ ထိုင်းနိုင်ငံရဲ့ တည်ဆဲဥပဒေ၊ ဒေသန္တရစည်းကမ်းတွေ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို တန်ဖိုးထား လိုက်နာဖို့နဲ့ အိမ်ရှင်လူမှုအသိုင်းအဝိုင်းရဲ့ လူနေမှုပုံစံတွေနဲ့အညီ လိုက်လျောညီထွေ နေထိုင်သွားဖို့ကို NUG က မေတ္တာရပ်ခံ ပန်ကြားတယ်ထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံသားတွေကို လူသားချင်းစာနာထောက်ထားမှုဖြင့် လက်ခံစောင့်ရှောက်ပေးထားတဲ့ ထိုင်းဘုရင်မင်းမြတ်၊ ထိုင်းအစိုးရနဲ့ ထိုင်းပြည်သူ လူထုကို အထူးပင်ကျေးဇူးတင် ရှိကြောင်းနဲ့ ဆက်လက်ပြီးတော့လည်း မြန်မာနိုင်ငံသားတွေအပေါ် ကူညီစောင့်ရှောက်ပေးဖို့ကိုလည်း NUG ကနေ မေတ္တာရပ်ခံထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့မှာ ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်၊ ဘန်ဘောအရပ်က စားသောက်ဆိုင်ရှေ့မှာ ထိုင်းနိုင်ငံသား သုံးယောက်ကို မြန်မာနိုင်ငံသားခြောက်ယောက်က အုပ်စုဖွဲ့ ရိုက်နှက်ခဲ့မှု ဖြစ်ပွါးခဲ့ပြီးနောက်မှာ ထိုင်းနိုင်ငံသားတွေနဲ့ ထိုင်းရောက်မြန်မာတွေကြား ပဋိပက္ခဖြစ်ပွားမှုတွေ ကြီးမားလာမှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။