ကချင်ပြည်နယ် ၊ ဖားကန့်မြို့ပေါ် ဥရုရတနာ ကျောက်စိမ်းတောင်တံတားအနီး စစ်ကော်မရှင် လက်အောက်ခံ ရဲတပ်တွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက ရှောင်တခင်ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ နယ်မြေခံတွေ ဆီကသိရပါတယ်။
ဇန်နဝါရီ ၁၃ ရက် ယနေ့ မွန်းလွဲ ၁ နာရီလောက်မှာ ဥရုရတနာကျောက်စိမ်းတောင် တံတားရဲ့တစ် ဖက်စီမှာ ဘန်ကာတွေ နဲ့ နေရာယူထားပြီး ကုန်ကားတွေကို ငွေကြေး ကောက်နေတဲ့ ရဲတွေကို ကာကွယ် ရေးတပ်ဖွဲ့က သွားရောက် ပစ်ခတ်ခဲ့တာ လို့ဆိုပါတယ်။
အဲဒီပစ်ခတ်မှုမှာ ရဲတပ်ဖွဲ့ဝင်တစ်ချို့ ထိခိုက်ဒဏ်ရာရသူတွေရှိပေမယ့်လည်း အရေအတွက် အတိအကျ ကိုတော့ မသိရှိရသေးဘူးလို့ ဆိုပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကော်မရှင် လက်အောက်ခံ တပ်သားတွေဟာ ကျောက်စိမ်းတောင်တံတားကို ပိတ်ထားပြီး ညနေ ၄ နာရီလောက်မှ ပြန်ဖွင့်ပေးခဲ့တယ် လို့ဆိုပါတယ်။

“ပစ်ခတ်မှုဖြစ်ပြီးတဲ့အခါ စစ်ကောင်စီဂိတ်တွေအကုန်လုံး လုံခြုံရေးတင်းကြပ်ထားတယ်။ ပြီးတော့တံ တားပေါ်ဖြတ်သန်းခွင့်တွေ ပိတ်လိုက်တာရှိတယ်။ ညနေခင်း ၄ နာရီနောက်ပိုင်းမှ ပြန်ပြီးဖြတ်သန်းခွင့် ပြုတယ်။ ပစ်ခတ်မှုဖြစ်သွားပြီးတဲ့ နောက်ပိုင်း တံတားက ဖြတ်သန်းခွင့်ပိတ်ပြီးတော့ လုံခြုံရေးတင်းကြပ် ထားတယ်” လို့ ဖားကန့်နယ်မြေခံ တစ်ယောက်က မောင်းကိုပြောပါတယ်။
အခုလို ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက် စစ်ကော်မရှင်လက်အောက်ခံတပ်သားတွေဟာ နေ့လည် ၂ နာရီလောက်မှာ ဖားကန့်ရှိ ဌက်ပျောတောရပ်ကွက်ထဲရောက်လာပြီး “စိုးလင်း ဆိုင်ကယ်ဝပ်ရှော့”က ဝပ်ရှော့ဆရာ ကိုစိုးလင်းကို ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
“ကိုစိုးလင်းကို စစ်ကောင်စီက မသင်္ကာလို့ ဝင်ဖမ်းတယ်။ ကျနော်တို့သိထားတာကျတော့ သူက တော်လှန်ရေးရဲဘော်ထဲကမဟုတ်ဘူး။ အတည်ပြုနိုင်တယ် ” လို့ နယ်မြေခံက ဆက်ပြောပါတယ်။
ဇန်နဝါရီ ၉ ရက်နေ့ကလည်း ဖားကန့်မြို့နယ် ဆိပ်မူးကျေးရွာအုပ်စု တောင်းကော့ကျေးရွာ ရပ်ကွက် (၂)က မြေးအဖွားသုံးယောက်ကို အမည်မသိ လူတစ်ချို့က ဓားထိုးသတ်ဖြတ်သွား တဲ့ဖြစ်ရပ်ဖြစ်ပွားခဲ့ ပါသေးတယ်။