မွန်ပြည်နယ်၊ရေးမြို့နယ် ကိုးမိုင်ကျေးရွာ အခြေစိုက် အကြမ်ဖက်စစ်တပ် ခလရ၂၉၉ တပ်ရင်းက တပ်သားနှစ် ယောက် နဲ့ စကခ (၁၉) မွမ်းမံသင်တန်းက တပ်သားတစ် ယောက် အလင်းဝင်ရောက်ခဲ့တယ်လို့ ရေးပြောက်ကျားတပ် (YGF) အမှတ် (၈၀၀၁) တပ်ရင်းဆီက သိရပါတယ်။
ဇန်နဝါရီ ၁၀ ရက်နေ့မှာ ခလရ ၂၉၉ တပ်ရင်းက တပ်သား နှစ်ယောက် အလင်းဝင်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့မှာတော့ စကခ (၁၉) မွမ်းမံသင်တန်းက တပ်သားတစ်ယောက် အလင်းဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
အလင်းဝင်ရောက်လာသူ တွေကတော့ တပ်သားကျော်ဇင်ကို၊ တပ်သားဝင်းမိုးကျော်နဲ့ တပ်သားသန့်ထွေးအောင်တို့ ဖြစ်ကြပါတယ်။
သူတို့ဟာ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ အတင်းအဓမ္မတပ်သားသစ် စုဆောင်းခြင်းခံခဲ့ရသူတွေ ဖြစ်ပြီး သံဖြူဇရပ်မြို့နယ်၊ ဝဲကလိသင်တန်းကျောင်း အပတ်စဥ်(၁၆) သင်တန်းဆင်း တွေလို့ ဆိုပါတယ်။

“သူတို့က လွန်ခဲ့တဲ့ ၆ လက အဖမ်းခံရတာပါ။ မွန်ပြည်နယ်က ၂ ယောက်၊ ပဲခူးတိုင်းက တစ်ယောက်ပါ။ သူတို့လုပ်ချင်တာတွေ ကျနော်တို့က ဆောင်ရွက်ပေးသွားမှာပါ” လို့ ရေးပြောက်ကျား တပ် (YGF)အမှတ် (၈၀၀၁) တပ်ရင်း တပ်ရင်းမှူး ဗိုလ်ကျန်ရစ်က မောင်းကိုပြောပါတယ်။
အလင်းဝင်ရောက်လာသူတွေဟာ ဗျူဟာ ၃၃ ကနေတစ်ဆင့် ရေးပြောက်ကျားတပ် YGF အမှတ် ( ၈၀၀၁) တပ်ရင်းဆီ ချိတ်ဆက် ဝင်လာရောက်လာတာ လို့ဆိုပါတယ်။
အလင်းဝင်ရောက်လို သူများအနေနဲ့ အမြန်ဆုံးပြည်သူဘက်က်ိုပူးပေါင်းကြဖို့နဲ့ ဝင်ရောက်လာသူတွေကို နွေးထွေးစွာကြိုဆိုကြောင်း၊ အတင်းအဓမ္မ စစ်မှုထမ်းမယ့်အစား ပြည်သူ့ကာကွယ်ရေးတပ်မတော်ထဲကို ဝင်ပြီး တော်လှန်ရေး အမြန်ပြီးဆုံးအောင် တွန်းလှန်ကြဖို့ လည်း ဗိုလ်ကျန်ရစ်က တိုက်တွန်း ထားပါတယ်။