အကြမ်းဖက်စစ်တပ်ရဲ့ ရွှေးကောက်ပွဲအတုကို တက်တက်ကြွကြွ ထောက်ခံပြီး ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ NLD အမတ်ဟောင်း ဒေါ်စန္ဒာမင်းဟာ စစ်တပ်ပါတီဖြစ်တဲ့ ကြံခိုင်ရေးပါတီထံမှာပဲ ထပ်မံရှုံးနိမ့်သွားခဲ့တယ်လို့ သိရပါတယ်။
ဒေါ်စန္ဒာမင်းဟာ အာဏာသိမ်းစစ်တပ် ဦးဆောင်ကျင်းပနေတဲ့ ရွေးကောက်ပွဲအတုမှာ ရန်ကုန်တိုင်း၊ လသာမြို့နယ်ကနေ တသီးပုဂ္ဂလအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။
NLD အမတ်ဟောင်း ဒေါ်စန္ဒာမင်းဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့အပြီး အာဏာသိမ်းစစ်တပ်နဲ့ ဆက်ဆံရေး ဆက်လက်ကောင်းမွန်နေခဲ့သူတစ်ဦးဖြစ်ပြီး၊ စစ်တပ်ရဲ့ ရွေးကောက်ပွဲအတုကို ဝင်ပြိုင်ဖို့အတွက် NDF ပါတီကို ကူးပြောင်းခဲ့ပါတယ်။
ရန်ငါပြတ်တဲ့ အကြမ်းဖက်စစ်တပ်ကတော့ သူတို့ရဲ့နေရာကို တစက်မှအထိမခံဘဲ NDF ပါတီကို ရမယ်ရှာ ဖျက်သိမ်းလိုက်တဲ့အခါမှာတော့ ဒေါ်စန္ဒာမင်းရဲ့ လွှတ်တော်အမတ်အိမ်မက်ဟာ တဖန်ပျက်ပြယ်ခဲ့ရပါတယ်။ စစ်တပ်အလိုကျ လုပ်ဆောင်ခဲ့ပေမဲ့ စစ်တပ်ရဲ့ မျက်နှာသာပေးတာ မခံရတဲ့အဆုံးမှာတော့ သူမဟာ တသီးပုဂ္ဂလအနေနဲ့ပဲ စစ်တပ်ရဲ့ ရွေးကောက်ပွဲအတုကို ဝင်ပြိုင်ခဲ့ရပါတယ်။
ဒီလိုဝင်ရောက်ယှဥ်ပြိုင်ခဲ့ပေမဲ့ ရွေးကောက်ပွဲအတု အပိုင်း ၂ ကျင်းပပြီးချိန်မှာတော့ ဒေါ်စန္ဒာမင်းဟာ ရွေးကောက်ပွဲမှာ သူမ ရှုံးနိမ့်ကြောင်းကို ကိုယ်တိုင်အသိပေးလာခဲ့ပါတယ်။
ဇန်နဝါရီ ၁၂ ရက်နေမှာ ဒေါ်စန္ဒာမင်းက “ဒုတိယအကြိမ် ရွေးကောက်ပွဲကြီး ပြီးပါပြီ။ လသာမြို့နယ်မှာ မဲပေးခွင့်ရှိသူ ၁၇၀၀၀ ကျော်မှာ ၆၇၆၀. ပဲ မဲပေးပါတယ်။ USDP မှ ၂၁၃၇၊ တစည မှ ၁၅၃၁၊ PPP ၁၁၀၀၊ တောင်သူလယ်သမားပါတီက ၅၉၆နဲ့ ကျွန်မက ၁၃၉၆ ပဲ ရရှိပါတယ် ” လို့ လူမှုကွန်ရက်မှာ ဝန်ခံရေးသားခဲ့ပါတယ်။

စစ်တပ်ပါတီ ကြံခိုင်ရေးပါတီကို ရှုံးနိမ့်ခဲ့တဲ့ သူမက “အကန့်အသတ်များစွာထဲက မဲဆွယ်ခွင့်ရရှိသလောက်နဲ့ ရရှိလာတဲ့ ရမှတ်တိုင်းကို တန်ဖိုးထားပါတယ်” လို့လည်း သူက ဆိုပါတယ်။
အရင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရတဲ့ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲများမှာ ပြည်သူများ အားတက်သရော မဲပေးခဲ့ကြပေမဲ့ လက်ရှိရွေးကောက်ပွဲအတုမှာတော့ အပိုင်း ၁ မှာရော လက်ရှိ အပိုင်း ၂ မှာပါ မဲပေးသူ သိသာစွာနည်းပါးခဲ့တယ်လို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေက ပြောဆိုခဲ့ကြသလို၊ ဒေါ်စန္ဒာမင်းကိုယ်တိုင်လည်း ဒီအပေါ် ငြီးတွားခဲ့ပါတယ်။
ဒေါ်စန္ဒာမင်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်ဟောင်းတဦးဖြစ်ပြီး စစ်တပ်ရဲ့ ရွေးကောက်ပွဲအတုမှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ပါတီဖျက်သိမ်းခံလိုက်ရလို့ အခုလို တသီးပုဂ္ဂလအနေနဲ့ လသာမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။
ဒေါ် စန္ဒာမင်းကတော့ အထပ်မြင့်တိုက်တွေများတဲ့ လသာမြို့နယ်မှာ သူမကို မဲပေးတဲ့ ပြည်သူတွေ အများအပြားရရှိဖို့ အိမ်တိုင်ရာရောက် မဲဆွယ်နိုင်ဖို့ ကြိုးစားပေမဲ့၊ လသာမြို့မှာ ကာလရှည်နေထိုင်သူ မဟုတ်ခဲ့တဲ့အတွက် စည်းရုံးရေးကာလတွေမှာ သူ့ကိုလူသိဖို့ အခက်အခဲတွေ ရှိခဲ့တယ်လို့လည်း ဆိုထားပါတယ်။
ဒေါ်စန္ဒာမင်းတို့လို ပြည်သူကို အတိုက်အခံလုပ်၊ စစ်တပ်နဲ့ပူးပေါင်းပြီး ရွေးကောက်ပွဲဝင်ခဲ့ပေမဲ့၊ အကြမ်းဖက်စစ်တပ်ကတော့ သူ့အလုပ်သူလုပ်ခဲ့တာကြောင့်၊ ဒီအတုအယောင်ရွေးကောက်ပွဲဟာ စစ်တပ်ရဲ့ အခင်းအကျင်းအောက်က ပြည်သူ့အကျိုးဆောင်မယ်လို့ ပြောဆိုသူများကို အိပ်မက်က လန့်နိုးစေခဲ့ပါတယ်။ ဒါ့အပြင် ပြည်သူ့ဆန္ဒမပါတဲ့ ရွေးကောက်ပွဲဟာ ဇော်မင်းထွန်း ဘယ်လောက်ပဲလိမ်လိမ် ပြည်သူအများစုက စိတ်မဝင်စားဘူး၊ မဲလာမပေးဘူး ဆိုတာကို ကမ္ဘာကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။