ပဲခူးတိုင်း ၊ ညောင်ပေးပင် ( ခလယ်လွီထူ)ခရိုင်ထဲကို အကြမ်းဖက်စစ်တပ် လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့ အတွက် ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီ ၁၁ ရက်နေ့ မနက် ၁၁ နာရီကျော် လောက်မှာ နတ်သံကွင်းရွာ မှာရှိတဲ့ စစ်အုပ်စုက ဖိုးတကျေးရွာထဲကို ဒရုန်းဗုံးသီး (၂)လုံး ပစ်ခတ်ခဲ့တဲ့ အတွက် မသန်းကြွယ်(၄၀)နှစ် ထိမှန်သေဆုံးသွားတယ်လို့ သိရပါတယ်။
အဲဒီနောက် မနက် ၁၂ နာရီလောက်မှာ လည်းစစ်အုပ်စုဟာ ၁၂၀ မမလက်နက်ကြီး ၂ လုံးနဲ့ ရွှေတဲစုကျေးရွာထဲကို ထပ်မံ ပစ်ခတ်ခဲ့တဲ့ အတွက် စောဖားလား (၃၇) နှစ်ကိုထိမှန်ပြီး နေအိမ်တစ်လုံးနဲ့ နွားနှစ်ကောင် ထိမှန်ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။
အလားတူ ဇန်နဝါရီ ၁၀ ရက်မနက် ၁၀နာရီ ၄၅ မိနစ်လောက်ကလည်း နတ်သံကွင်းရှိစစ်အုပ်စုက ကင်မွန်းခြုံကျေးရွာထဲကို ဒရုန်းဗုံးသီး (၇) လုံးနဲ့ပစ်ခတ်ခဲ့တဲ့ အတွက် ဒေါ်ခင်မာဦး (၅၇) နှစ်၊ ဦးဌေးမြင့် (၅၆) နှစ်၊ မစုမွန်အောင် (၈) နှစ်တို့ ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ သူတို့ထိန်းချုပ်ရာ ဒေသတွေမှာ အတုယောင်ရွေးကောက်ပွဲ ပြုလုပ်နိုင်ရေးအတွက် ငြိမ်းချမ်းနေတဲ့ ပုံစံမျိုး ပြုလုပ်ထား ပေမယ့်လည်း ကော်သူးလေထိန်းချုပ်မှုနယ်မြေတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်တဲ့ ဒေသတွေကို တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
အဲ့ဒီဒေသတွေမှာ နေထိုင်တဲ့ အရပ်သား ပြည်သူလူတွေကိုတော့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု တွေကိုအဆက်မပြတ်ကျူးလွန်နေတယ် လို့သိရပါတယ်။
အကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်မှုများအား တွေ့ရစဥ် (ဓာတ်ပုံ KNU) 



