ဘယ်လိုစံနှုန်းနဲ့ပဲတိုင်းတိုင်း အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ အတုအယောင်သာဖြစ်တယ်လို့ နိုင်ငံတကာက မှတ်ချက်ပြုနေချိန် စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းဆိုသူကတော့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို နိုင်ငံတကာလေ့လာစောင့်ကြည့်သူတွေက အောင်မြင်လွန်းလို့ အံ့ဩနေကြတယ်လို့ မရှက်မရွံ့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ 

ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ အမြင်ကဘယ်လိုရှိလဲလို့ စစ်ကော်မရှင်ဝါဒဖြန့်မီဒီယာ ပေါ်ပြူလာနယူးစ်သတင်းဌာနက မေးမြန်းခဲ့တဲ့အပေါ် ဇော်မင်းထွန်းက အခုဖြေကြားခဲ့တာဖြစ်ပါတယ်။  

“နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေ လာတယ်။ စောင့်ကြည့်လေ့လာရေးအဖွဲ့က သေချာလေ့လာခဲ့တယ်။ လေ့လာပြီးမှ သူတို့တွေ့ပြီးတာတွေကို ပြောခဲ့တာရှိတယ်။ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ခဲ့တာတွေရှိတယ်။ အနှစ်ချုပ်ပြန်ပြောရရင် နံပါတ်တစ်က မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကို ဒီလောက်အောင်အောင်မြင်မြင် လုပ်နိုင်လိမ့်မယ်လို့ သူတို့ထင်မထားဘူး။ ဒီလောက်လူများလိမ့်မယ်လို့လည်း သူတို့ထင်မထားဘူး” လို့ အကြမ်းဖက်စစ်တပ် ဝါဒဖြန့်ခေါင်းဆောင် ဇော်မင်းထွန်းက ခပ်တည်တည်နဲ့ ဆိုခဲ့တာပါ။ 

စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေအရ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက် ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် ရွေးကောက်ပွဲမှာ မြန်မာနိုင်ငံအခြေစိုက်တဲ့သံရုံးတွေရဲ့ စောင့်ကြည့်ရေးကိုယ်စားလှယ် ၁၀၀ ကျော်ဟာ ရန်ကုန်၊ မန္တလေး၊ မော်လ မြိုင်၊ တောင်ကြီး နဲ့ စစ်ကိုင်းက နေရာအချို့မှာ သွားရောက်ကြည့်ရှုခဲ့ကြတာလို့ သိရပါတယ်။ 

စစ်ကော်မရှင် ပြောခွင့်ရ ဇော်မင်းထွန်း

မြန်မာနိုင်ငံအခြေစိုက်သံရုံးတွေရဲ့ တာဝန်ရှိသူတွေကို နိုင်ငံတကာ စောင့်ကြည့်လေ့လာသူတွေအဖြစ် ပုံဖော်ပြီး ဇော်မင်းထွန်းက အခုလို ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။ 

“သူတို့သွားကြည့်တဲ့အခါမှာ မဲရုံမှာတန်းစီပြီးတော့ လူတွေမဲပေးနေတာကို တွေ့ရတယ်။ ဒါကြောင့်မို့ သူတို့ကိုယ်တိုင်လည်းအံ့ဩတယ်။ နောက်တစ်ခုက မဲပေးစက်ပေါ့။ မဲပေးစက်နဲ့ပတ်သက်ပြီး သူတို့ကိုယ်တိုင်လည်း လေ့လာခဲ့ပါတယ်။ ပွင့်လင်းမြင်သာမှုရှိတဲ့ မဲပေးစက်၊ ဘယ်လိုမှ လိမ်လို့မရတဲ့ မဲပေးစက်ဆိုပြီး ပြောသွားတယ်” လို့ မဲပေးစက် သမမာမှုလုပ်ဆောင်ထားတယ်လို့ ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်တွေရဲ့ တိုင်ကြားခံနေရတဲ့ စစ်ကော်မရှင် ပြောခွင့်ရ ဇော်မင်းထွန်းက ဆက်လက်ပြောဆိုခဲ့ပါတယ်။  

အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတပြီး တရားဝင်တဲ့ ရွေးကောက်ပွဲမဟုတ်ဘဲ လှည့်စားဖို့ ရည်ရွယ်ဖန်တီးထားတဲ့ ဟန်ပြလုပ်ရပ်တစ်ခုသာဖြစ်လို့  ရွေးကောက်ပွဲကို ပယ်ချဖို့  နိုင်ငံတကာအသိုက်အဝန်းကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်မှာ တိုက်တွန်းပြောကြားထားခဲ့သလို၊ အကျပ်ကိုင်ဖိအားပေးမှု ခြိမ်းခြောက်မှုတွေနဲ့ ရွေးကောက်ပွဲမှာ  မြန်မာပြည်သူတွေ ပါဝင်လာစေဖို့ စစ်ကော်မရှင်က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုထားခဲ့တာ ဖြစ်ပါတယ်။ 

“စစ်ကော်မရှင်အဖွဲ့ဝင်တွေဟာ လူငယ်တွေကို စစ်မှုထမ်းရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုကို အသုံးပြုပြီး မဲပေးဖို့ ဖိအားပေး စေခိုင်းခဲ့ကြပါတယ်။ ဒါက နိုင်ငံရေးအရ ပါဝင်ဆောင်ရွက်တာ မဟုတ်ပါဘူး။  အတင်းအဓမ္မ ခြိမ်းခြောက် အကျပ်ကိုင်မှုသာ ဖြစ်တယ်” လို့ တွမ်အင်ဒရူးက ဆိုပါတယ်။ 

စစ်ကော်မရှင်၏ ရွေးကောက်ပွဲအတုကို လာရောက်ကြည့်ရှုကြသည့် မြန်မာနိုင်ငံအခြေစိုက်သံရုံးတချို့၏ တာဝန်ရှိသူများ
စစ်ကော်မရှင်၏ ရွေးကောက်ပွဲအတုကို လာရောက်ကြည့်ရှုကြသည့် မြန်မာနိုင်ငံအခြေစိုက်သံရုံးတချို့၏ တာဝန်ရှိသူများ

နိုင်ငံရေးအကျဉ်းသား ထောင်ပေါင်းများစွာကို ဖမ်းဆီး အကျဉ်းချထားပြီး ယုံကြည်အားကိုးရတဲ့ အတိုက်အခံပါတီ တွေကိုလည်း ဖျက်သိမ်းထားတဲ့အပြင် သတင်းမီဒီယာ လွတ်လပ်ခွင့်မရှိ၊ အခြေခံလွတ်လပ်ခွင့်တွေကိုလည်း နင်းခြေဖျက်ဆီးထားတဲ့ အခြေအနေမျိုးမှာ ပြုလုပ်တဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲက လွတ်လပ်တရားမျှတပြီး ယုံကြည် စိတ်ချရတဲ့ ရွေးကောက်ပွဲတစ်ခု ဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်ပါဘူးလို့ သူက ပြောပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲကို လာရောက်သတင်းရယူခဲ့ကြတဲ့ နိုင်ငံတကာမီဒီယာတွေရဲ့ သတင်းတင်ဆက်မှုမှာလည်း စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲဟာ အတုအယောင်သာဖြစ်တယ်လို့ ထုတ်ဖော်တင်ဆက်ထားခဲ့ကြပြီး ၂၀၂၀ ရွေး ကောက် ပွဲနဲ့ နှိုင်းယှဉ်ပါက မဲပေးသူ အရေအတွက် အလွန်နည်းပါးခဲ့တယ်လို့ ပြောဆိုနေကြတာ ဖြစ်ပါတယ်။၊ 

0 Shares:
You May Also Like
Read More

ဆားတောင်မြို့မှာ စစ်ကောင်စီတပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ယောက် ဒဏ်ရာရ…

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့မှာ ပြည်သူတွေဆီက ဆက်ကြေး ကောက်နေတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေကို ၂ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Royal Falcon Guerilla Force (Sadaung Falcon) က ထုတ်ပြန်ပါတယ်။
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း လက်ပစ်ဗုံးကို ခုန်အုပ်ကာ ရဲဘော်ရဲဘက်များအတွက် အသက်ပေးသွားသည့် တပ်စိတ်မှူး ဘီလုံး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း ရန်သူ့လက်ပစ်ဗုံးဝင်ရောက်လာမှုကို ခုန်အုပ်ကာ ရဲဘော်တွေအတွက် အသက်စွန့် ကာကွယ်ပေးသွားတဲ့ တပ်စိတ်မှူး ရဲဘော် ဘီလုံးကို အင်းတော်မြို့မှာပဲ သ​ဂြိုလ်ပြီးစီးခဲ့ကြောင်း ကျန်ရစ်သူမိသားစုဝင်က မောင်းကိုပြောပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးကို ပြန်တိုက်မည့် အလင်းဝင် တပ်သားများ သင်တန်းဆင်းပွဲ

အကြမ်းဖက် စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ဆင်ရေးကို ပြန်လည်တိုက်ခိုက်မယ့်၊ စစ်ကောင်စီထံကနေ အလင်းဝင်လာတဲ့ တပ်သားတွေကို ကျားသစ်နက်စစ်ကြောင်းက ဦးစီးပြီး အထူးတိုင်း ဗျူဟာအမှတ် ၃၂ အောင်ဇေယျ အပတ်စဥ် သင်တန်းဆင်းပွဲ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောက်မဲမြို့နယ် တအာင်းစာအဖွဲ့ – TLA ၏ အခြေခံတအာင်းရုံးသုံးစာ သင်တန်းဆင်းပွဲ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ပန်ဖျက်ကျေးရွာမှာ တအာင်းစာအဖွဲ့-TLA က အခြေခံတအာင်းရုံးသုံးစာ သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွေးကောက်ပွဲအတု ဆန့်ကျင်လှုပ်ရှားမှုများနှင့် ခလရတပ်တွင်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ရွှေဘို ပကဖ လုပ်ဆောင်ခဲ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ စစ်အုပ်စုစိုးမိုးထားရာ မြို့ပေါ်နေရာအနှံ့ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း ဆန္ဒပြလှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့သလို ခလရ ၄၂ တပ်စခန်းကိုလည်း ဒရုန်းတွေနဲ့ သွားရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ဘုံတိုရွာ ဆီမီးသပိတ် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သပိတ်ခေါင်းဆောင်များ၊ PDF များနှင့် ကလေးငယ်များအပါအဝင် သေဆုံးသူ အယောက် ၄၀ ကျော်အထိ ရှိလာ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်က ဘုံတိုရွာ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဥ်မှာ သေဆုံးသူ အရေအတွက် ၄၀ ကျော် အထိရှိလာပြီဖြစ်ပြီး ကလေးငယ်နဲ့ အမျိုးသမီးတွေအပါ အရပ်သားတွေ၊ သပိတ်ခေါင်းဆောင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေပါဝင်ကြောင်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။