မွန်ပြည်နယ်၊ ရေးမြို့နယ်နဲ့ မုဒုံမြို့နယ်ထဲမှာ အကြမ်းဖက်စစ်တပ်ရဲ့ တပ်စခန်း ၅ ခုကို ရာမညမွန်တပ်တော် (RMA) က တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် အရာရှိ ၁ ယောက် အပါအဝင် ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ သတင်းထုတ်ပြန် လာပါတယ်။
ဇန်နဝါရီလ ၁၁ ရက်နေ့၊ မနက် ၄ နာရီအချိန် ရေးမြို့နယ်၊ အစင်ကျေးရွာထိပ် တပ်စွဲထားတဲ့ စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်ကို RMA ရဲဘော်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ၃ ယောက်သေဆုံးပြီး ၁ ယောက် အပြင်းအထန်ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။
“အစင်ဂိတ်မှာ တိုက်တာက ၃ယောက် သေတာက ကျွန်တော်တို့ ရဲဘော်တွေရဲ့ မျက်မြင်ပါပဲ။ ရှေ့မှာတင် သေဆုံးတာကို မြင်တွေ့ခဲ့ရတာပါ။ တိုက်ပွဲကတော့ ၁၅ မိနစ်ဝန်းကျင်လောက်ပဲ ရှိတာပါ။ ကျွန်တော်တို့ အလစ်ငိုက် ဝင်တိုက်တာဆိုတော့လေ” လို့ RMA ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားက မောင်းကို ပြောပါတယ်။
အဲဒီနောက် မနက် ၈ နာရီအချိန်မှာလည်း ရေးမြို့ပေါ်က စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ ၁၉) ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးနဲ့ တိုက်ခိုက်ခဲ့သလို ရေးမြို့နယ် လော့ကျေးရွာအနီးက အမတ (၃၁၆) အမြောက်တပ် ကိုလည့်း ရှော့တိုက်ဒုံး ၂ လုံးနဲ့ထပ်မံ ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ သိရပါတယ်။

ဒုံးသီးတွေဟာ တပ်အဝန်းအဝိုင်းထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်မှုအခြေအနေတွေကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် RMA ဒရုန်းတပ်ဖွဲ့ဟာ မုဒုံမြို့နယ်၊ ကမာဝက်မြို့ အခြေစိုက် ခမရ (၂၀၉) တပ်ရင်းကိုလည်း ဇန်နဝါရီ ၁၁ ရက် မနက် ၈ နာရီဝန်းကျင်မှာ ဒရုန်းဗုံးသီး ၂ လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က အရာရှိ ၁ ယောက် သေဆုံးခဲ့တယ်လို့ ကနဦးသတင်း ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဇန်နဝါရီ ၁၀ ရက် နေ့လည်ပိုင်းမှာလည်း ကမာဝက်မြို့ရှိ မဲရုံတွေကို လာရောက်စစ်ဆေးနေတဲ့ စစ်ဘက်တာဝန်ရှိသူတွေကို ဒရုန်းဗုံးသီး ၁ လုံးနဲ့ ပစ်ချတိုက်ခိုက်ခဲ့ရာ ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီ တိုက်ခိုက်မှုတွေကို ရာမညမွန်တပ်တော် (RMA) က စီမံချက်နဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း ပါဝင်ခဲ့တဲ့ RMA ရဲဘော်တွေအားလုံး ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

