ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ ရန်ကုန် မန္တလေး လမ်းဟောင်းအနီး ကြိမ်ခါးကုန်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ခဲရာ ဗိုလ်မှူးအဆင့်ရှိသူ (၁)ယောက် အပါအဝင် (၂၀) သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီ ၁၂ ရက်နေ့ ထုတ်ပြန်ချက်ထဲမှာ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တပ်ဘက်က စစ်ကြောင်းမှူး ဗိုလ်မှူးအဆင့်ရှိသူ (၁)ယောက် အပါအဝင် (၂၀) သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
” ရန်သူအင်အားကတော့ ၁၅၀ ဝန်းကျင်လောက်ရှိပါတယ်။ ၂၀ ဦးသေဆုံးတယ်ဆိုတာ မျက်မြင်ပါ။ ဒီထက်ပိုပြီး တော့လည်း များနိုင်ပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့ နေရာမှာတော့ အခြေအနေတွေ ဒီတိုင်းအခြေအနေပဲ ရှိနေပါတယ် ” လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်-၂ စစ်ဆင်ရေနယ်မြေ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ စောဒိုရှင်း ကပြောပါတယ်။
တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တပ်ဟာ အများအပြားထိခိုက်ဒဏ်ရာရရှိကာ ကစဉ့်ကလျား စစ်ကြောင်းပျက် ဆုတ်ခွာထွက်ပြေး သွားခဲ့ရတယ်လို့ သိရပါတယ်။
စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၅) ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၇၀၂) တပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်း(P-29914)၊ ဗျူဟာ(၂၆) ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၇၀၃) တပ်ရင်း(Fire Dragon)၊ တော်ဝင်ဒေါင်းတပ်ရင်း(P-29913) တွေက ဇန်နဝါရီလ (၁၂)ရက်နေ့မှာ တိုက်ခိုက်ချေမှုန်းခဲ့တာလို့ သိရပါတယ်။
“ကျွန်တော်တို့ ပဲခူးတိုင်းထဲမှာ စစ်ရေးလှုပ်ရှားမှုတွေ ရှိလာတာက အမှန်တိုင်းပြောရရင် ကျွန်တော်တို့ အစီစဉ်တွေထဲက တခုပါပဲ။ ဒါအမှတ် ၂ စစ်ဆင်ရေးအတွင်းမှာဆိုရင် ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ နေပြည်တော်ဆိုပြီးတော့ တိုင်း ၄ တိုင်းရှိပါတယ်။ အဲဒီ ကွတ်ကဲမှုထဲမှာ ရှိနေတဲ့ တိုင်း တတိုင်းထဲက လုပ်ဆောင်ချက် တခုပါပဲ။ ပြည်သူတွေ ဝမ်းသာစရာတွေ ရှိလာမှာပါ” လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်-၂ စစ်ဆင်ရေနယ်မြေ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ စောဒိုရှင်းက ပြောပါတယ်။
ဒါအပြင် အကြမ်းဖက်စစ်ကော်မရှင် တပ်ဖွဲ့ဝင်တွေ ကိုင်ဆောင် အသုံးပြုတဲ့ လက်နက်တွေ၊ ခဲယမ်းတွေနဲ့ အခြားစစ်သုံး ပစ္စည်းအများအပြား ကိုလည်း သိမ်းဆည်းရရှိတယ်လို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ရဲဘော် (၂)ယောက် မြင့်မြတ်စွာ ကျဆုံးခဲ့ရပြီး (၃)ယောက် အနည်းငယ်ထိခိုက်ခဲ့တယ်လို့ လည်းသိရပါတယ်။
လက်ရှိအချိန် အမှတ်(၂) စစ်ဆင်ရေးနယ်မြေအတွင်း စစ်ရေးအခြေအနေတွေ ဆောင်ရွက်နေပြီး တိုက်ပွဲအနီးဝန်းကျင်က ပြည်သူတွေ၊ ခရီးသွားပြည်သူတွေ၊ လမ်းပိုင်းအသုံးပြု သွားလာနေသူတွေ ဘေးကင်းလုံခြုံရေး သတိပြု သွားလာကြဖို့လည်း အမှတ်(၂) စစ်ဆင်ရေးနယ်မြေက မေတ္တာရပ်ခံ အသိပေးထုတ်ပြန်ထားပါတယ်။
