ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနဲ့ ရဲစခန်းကို ဒေသကာကွယ်ရေး တပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာ ဒုတိယညွန်ကြားရေးမှူးတစ်ဦး သေဆုံးပြီး တချို့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ထန်းတပင်မြို့နယ်ထဲက အထွေထွေ အုပ်ချုပ်ရေးရုံးမှာ စစ်အုပ်စု အစည်းအဝေးလုပ်နေချိန် တိုက်ခိုက်ခဲ့တာ လို့ဆိုပါတယ်။
ဇန်နဝါရီ ၁၁ ရက်၊ မနက် ၆ နာရီဝန်းကျင်မှာ မြို့နယ်ထွေအုပ်ရုံးနဲ့ ရဲစခန်းကို ဒေသကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာကြောင့် အခုလို သေဆုံး ဒဏ်ရာရတာတွေရှိခဲ့တယ် လို့သိရပါတယ်။
ဆက်ပြီးထန်းတပင်မြို့နယ်ရဲစခန်းကိုလည်း တိုက်ခိုက်ခဲ့တဲ့အတွက် အကြမ်းဖက်စစ်အုပ်စုက နှစ်ယောက်သေဆုံးပြီး ဗိုလ်မှူးတစ်ယောက်အပါ သုံးယောက်ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဖြူးမြို့နယ် ၊ ရန်ကုန် − မန္တလေးလမ်းဟောင်းပေါ်က အကြမ်းဖက်စစ်အုပ်စု ဂိတ်စခန်းတွေကိုကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့တွေက ဆက်ပြီး တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာန ရဲ့ ထုတ်ပြန်ချက် အရသိရပါတယ်။

ဇန်နဝါရီလ ၁၁ ရက်နေ့မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ဆာဂွန်းဂိတ်အထိုင်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့ တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးခဲ့တာတွေ ရှိတယ်လို့ဆိုပါတယ်။
မင်းလှမြို့နယ်ထဲက မတရားမဝင်အတုယောင်ရွေးကောက်ပွဲအတွက် လုံခြုံရေးယူပေးနေတဲ့ အကြမ်းဖက်စစ်အုပ်စုကိုလည်း ဒီနေ့ မနက်ပိုင်းမှာ ကာကွယ်ရေးတပ်ဖွဲ့က မိုင်းခွဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။.
ဒါ့အပြင် ပေါင်းတည်မြို့နယ်ထဲက နေရာ ၃ နေရာမှာ အတုယောင်ရွေးကောက်ပွဲအတွက် လုံခြုံရေးယူပေး နေတဲ့ စစ်အုပ်စုကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
တစ်ဆက်တည်းမှာပဲ ပေါက်တောရွာရှိ အကြမ်းဖက် စစ်အုပ်စုရဲ့ ခမရ (၁၀) တပ်ရင်းထဲကို လက်နက်ကြီး နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၃) ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၅၀၂) တပ်ရင်း၊ ဒရုန်းအဖွဲ့၊ ဗျူဟာ(၂၂) ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၈၀၂) တပ်ရင်း၊ တပ်ခွဲ(၄)၊ ဗျူဟာ(၂၁) ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၆၀၁) တပ်ရင်း၊ အမှတ်(၃) ဧရာဝတီတပ်ရင်း၊ ဖြူးမြို့နယ်ပကဖ၊ မင်းလှမြို့နယ်ပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာလို့ သိရပါ တယ်။
လက်ရှိ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်း စစ်ဌာန စစ်ဆင်ရေး နယ်မြေအတွင်း စစ်ရေးအခြေအနေတွေတင်းမာနေပြီး ပြည်သူများအနေနဲ့ အကြမ်းဖက်စစ်တပ်စခန်းတွေ အနားကို မလိုအပ်ဘဲ သွားရောက်တာတွေ မလုပ်ဖို့ အသိပေးထားပါတယ်။