မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့က စစ်တပ်ရဲ့ ခလရ (၅၀) တပ်ရင်းအပါအဝင် အထိုင်ချထားတဲ့ ဂိတ်တွေနဲ့ ရုံးစိုက်ရာနေရာတွေကို ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များက ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့၊ မနက် ၆နာရီဝန်းကျင်အချိန်မှာ အဆိုပါ စစ်တပ်နေရာတွေကို ၁၀၇ မမ ရှော့တိုက်ဒုံး (၆) လုံးနဲ့ ပစ်ခတ်ခဲ့ပြီး (၆) လုံးစလုံး ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ပစ်ခတ်လိုက်တဲ့ ရှော့တိုက်ဒုံးတွေဟာ ခလရ (၅၀) တပ်အတွင်းကို (၂) လုံး၊ မြို့ဝင်ဂိတ်တစ်ခုကို (၂) လုံး၊ ဝီလပ်တံတားဂိတ်ကို (၁) လုံးနဲ့ စည်ပင်ရုံးဝင်းအတွင်းကို (၁) လုံး ကျရောက် ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
“တိုက်တာကတော့ ခရိုင်ကွပ်ကဲရေးကပါ၊ ရင်းတွေတော့ မတူဘူးပေါ့၊ တပ်ရင်းတွေပါမယ်၊ ပကဖတွေ ပါပါတယ်။ ရှော့တိုက်ဒုံးက ၆လုံးစလုံးကွဲတယ် သိရပါတယ်။ အထိခိုက်ကတော့ သေချာမသိရသေးပါဘူး။ ခလရ ၅၀ ထဲမှာဆို အင်အား ၄၀၀ လောက်ရှိပါတယ်၊ ဂန့်ဂေါနယ်ထဲက ပျူစောထီးတွေရော၊ သန္ဓေစစ်သားတွေရော နေနေတာပါ” လို့ ယောအလင်းတန်းက တာဝန်ရှိသူတဦးက မောင်းကိုပြောပါတယ်။

စစ်တပ်ဟာ ၎င်းတို့ အခုလို တိုက်ခိုက်ခံရအပြီး ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ဂန့်ဂေါမြို့ ပတ်ဝန်းကျင်ကို ပြန်လည်ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် စိုင်ဒူးရွာအနီးကို လက်နက်ကြီးကျည် (၂) လုံး ကျရောက်ပေါက်ကွဲခဲ့ပေမယ့် လူနဲ့ အဆောက်အအုံတွေတော့ ထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။
အခုလို ဂန့်ဂေါ ခလရ ၅၀ တပ်နဲ့ စစ်တပ်အထိုင်ဂိတ်တွေကို တော်လှန်ရေးတပ်တွေက ၁၀၇ မမ ရှော့တိုက်ဒုံးများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို မောင်းက ဆက်လက်စုံစမ်းဆဲဖြစ်ပါတယ်။
ဒါ့အပြင် စစ်တပ်က လာမယ့် ဇန်နဝါရီ ၁၁ ရက်နေ့မှာ ပြုလုပ်မယ့်ရွေးကောက်ပွဲကာလအတွင်း လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်တွေကို အထူးသတိထားကြဖို့ကိုလည်း တော်လှန်ရေးအဖွဲ့များက သတိပေးထုတ်ပြန်ထားပါတယ်။