စစ်ကိုင်းတိုင်း၊ ကန့်ဘလူ တပ်ရင်း ၆၀၀၆ ကနေ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကိုလာတဲ့ အကြမ်းဖက်စစ်တပ် ထောက်ပို့ ရဟတ်ယာဥ်(Mi 17P) တစ်စင်းကို ပစ်ခတ်ခဲ့တာကြောင့် အဆိုပါရဟတ်ယာဥ်ပျက်စီးသွားကြောင်း BOB – Battalion Of Budalin တပ်ဖွဲ့ဆီက သိရပါတယ်။
ဇန်နဝါရီ ၈ ရက်၊ နေ့လည် ၁ နာရီ ၄၅ မိနစ်လောက်မှာ စစ်တပ်ထောက်ပို့ရဟတ်ယာဉ်တစ်စီးကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပစ်ခတ်ခဲ့တာဖြစ်ပြီး ရဟတ်ယာဥ်ရဲ့ ခေါင်းပိုင်းနဲ့ အမြှီးပိုင်းကို ထိမှန်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ကဆိုတာပါ။
“ထိမှန်ပျက်စီး သတင်းက အတွင်းသတင်းပါ၊ ပျက်ကျတယ်ဆိုတာတော့ အတည်မပြုထားသေးပါဘူး၊ ထိမှန်ပြီး ပျက်ဆီးသွားတယ်လို့ပဲ ထုတ်ပြန်ထားပါတယ်ဗျ” လို့ Bob တပ်ရင်းမှ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
အဲဒီပစ်ခတ်မှုကို မုံရွာခရိုင် အမှတ်(၂၀)တပ်ရင်း BOB ရဲ့ စီစဥ်မှုနဲ့အတူ သပိတ်ကျင်းတိုက်နယ် (ပကဖ)၊ အရာတော်မြို့နယ်(ပကဖ)တို့က မုံရွာခရိုင် (ပကဖ) ရဲ့ ထောက်ပံ့မှုနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုထားပါတယ်။
အဆိုပါရဟတ်ယာဉ်ပစ်ခတ်ခံရပြီးနောက် အနောက်မြောက်တိုင်းစစ်ဌာန (နမခ )ကနေ မြောက်ဘက်ကို ထောက်ပို့ရဟတ်ယာဥ်နဲ့ ပါရာမော်တာ တွေ ပျံသန်းတာမျိုး သိပ်မရှိသေးဘူးလို့ ဆိုပါတယ်။