ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်း ဘေးမှာရှိတဲ့ တောကျွဲအင်းမြို့က အကြမ်းဖက်စစ်တပ်စခန်း အားလုံးကို သိမ်းပိုက်ထားတယ်လို့ တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ တပ်ရင်းတစ်ခုက မောင်းကို အတည်ပြု ပြောဆိုပါတယ်။
ဒီနေ့ (ဇန်နဝါရီ ၉ရက်) မနက် ၃ နာရီလောက်က စတင်ပြီးကျွဲအင်းမြို့က ရဲစခန်း၊ ဘူတာရုံနဲ့ စစ်တပ်တပ်စွဲရာ နေရာတွေကို PDF တပ်ရင်းတွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ် စစ်ကူတွေရောက်ရှိမလာစေဖို့ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ် PDF တပ်ရင်းတွေက တွဲကားတွေကို မီးရှို့ခဲ့တယ်လို့လည်း စစ်အုပ်စုဝါဒဖြန့်ချန်နယ်တွေက ဖော်ပြပါတယ်။
တိုက်ပွဲထဲ စစ်အုပ်စုဘက်က BE အဆင့်ရှိသူတွေအပါအဝင် အများအပြား ထိခိုက်သေဆုံးပြီး အလောင်းတွေကို ဖြစ်သလိုထားခဲ့ရကြရတယ် လို့လည်း စစ်အုပ်စုချန်နယ်တွေက အတည်ပြုပြောဆို ကြပါတယ်။
တောကျွဲအင်းမြို့ အခြေအနေတွေနဲ့ပက်သက်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့ တပ်ရင်းတစ်ခုကို မေးမြန်းရာမှာတော့ “တောကျွဲအင်း တမြို့လုံးက စခန်းအကုန်ရပါတယ်” လို့ မောင်းကို ပြန်ဖြေခဲ့ပါတယ်။

ရွှေကျင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ SGDF ကလည်း တောကျွဲအင်းမြို့က စစ်တပ်စခန်းတွေကို တပြိုင်နက်တည်းဝင်ရောက် သိမ်းပိုက်ထားနိုင်ပြီလို့ ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲဖြစ်ရာနေရာတွေဆီ ပဲနွယ်ကုန်းမြို့နယ်၊ ရွှေဝါရွာအခြေစိုက် ခမရ (၃၀၇) တပ်ရင်းကနေ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်တပ်ရဲ့လက်နက်ကြီးနဲ့လေကြောင်း တိုက်ခိုက်မှုအန္တရယ် တွေကြောင့် အရပ်သားတွေလည်း ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်ထားသူတွေကို လူမူကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ထုတ်ပေးနေတယ်လို့ သိရပါတယ်။
တိုက်ပွဲအခြေအနေကြောင့် ဒီနေ့နေ့လည်ပိုင်းမှာထွက်ခွာမယ့် နေပြည်တော်-ရန်ကုန် အစုန် DEMU ရထား ခရီးစဥ်ကိုလည်း ဖျက်သိမ်းလိုက်တယ်လို့ စစ်တပ်ထောက်ခံသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီလ ၇ရက်နေ့ မနက်ပိုင်းကလည်း ရန်ကုန်-ပြည်လမ်းပိုင်းနဲ့ နတ်တလင်း၊ မင်းလှ၊ ဇိီးကုန်းမြို့နယ်တွေက စစ်အုပ်စုစခန်းတွေကို PDF တပ်ရင်းတပ်ဖွဲ့တွေ တစ်ချိန်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုဘက်က အယောက် ၄၀နီးပါး ထိခိုက်သေဆုံးခဲ့ပါသေးတယ်။