ရန်ကုန်-ပြည်အမြန်လမ်းအပါအဝင် နတ်တလင်း၊ ဇီးကုန်းနဲ့ မင်းလှမြို့နယ်တွေက အကြမ်းဖက်စစ်တပ် ဂိတ်စခန်းတွေကို တစ်ပြိုင်နက်တည်း ထိုးစစ် တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးရိုးမ PDF -ဗျူဟာ ၂၂ က သတင်းထုတ်ပြန်ထားပါတယ်။
အဲ့ဒီတိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်တပ်ဘက်က အယောက် ၄၀ နီးပါး သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီလ ၇ရက်နေ့ မနက်ပိုင်းတစ်ချိန်တည်းမှာ နတ်တလင်း၊ ဇီးကုန်းနဲ့ မင်းလှမြို့နယ်တွေက စစ်အုပ်စုစခန်းတွေကို PDF၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂) ကွပ်ကဲမှုအောက်ကတပ်ရင်း၊ တပ်ဖွဲ့တွေ၊ ပကဖနဲ့ ဒရုန်းတပ်ဖွဲ့တွေအပြင် အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF) တွေကပါ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။
ပထမဆုံးအနေနဲ့ ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်က တောင်ညိုမြို့သစ်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်တပ်ဘက်က အယောက်၂၀ ထက်မနည်း သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ပဲခူးရိုးမ PDF -ဗျူဟာ ၂၂ က ထုတ်ပြန်ထားပါတယ်။

ဒီတိုက်ခိုက်မှုကို PDF၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၂) ကွပ်ကဲမှုအောက်က ဗျူဟာရုံးတပ်ဖွဲ့နဲ့အတူ အမှတ်(၃၈၀၁)တပ်ရင်း၊ တပ်ရင်းရုံးအဖွဲ့၊ တပ်ခွဲ(၂)၊ တပ်ခွဲ(၃)၊ တပ်ခွဲ(၄)၊ တပ်ခွဲ(၆)၊ ဒရုန်းတပ်ဖွဲ့၊ အမှတ်(၃၇၀၁) တပ်ရင်း၊ တပ်ခွဲ(၂) နဲ့ ရန်ကုန်ပကဖ တပ်ဖွဲ့တွေက လုပ်ဆောင်ခဲ့တာလို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ဆည်က မြီးကောက်ပင်ရွာ ပျူစောထီးစခန်းကိုလည်း အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၂) ကွပ်ကဲမှုအောက်က (၃၈၀၁) တပ်ရင်းအပါအဝင် တပ်ခွဲ(၁)၊ တပ်ခွဲ(၅)၊ အမှတ်(၃၈၀၂) တပ်ရင်း၊ တပ်ခွဲ(၁)၊ သာယာဝတီခရိုင် ပကဖနဲ့ ဇီးကုန်း ပကဖတို့က တိုက်ခိုက်ခဲ့ပါသေးတယ်။
ဒီတိုက်ခိုက်မှုမှာတော့ အကြမ်းဖက်စစ်သား (၉)ယောက်နီးပါး သေဆုံးပြီး စခန်းကိုလည်း ကာကွယ်ရေးတပ်တွေ သိမ်းပိုက်ရှင်းလင်း နိုင်ခဲ့တယ်လို့သိရပါတယ်။

တဆက်တည်းမှာပဲ ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ရန်ကုန် – ပြည် အမြန်လမ်းပေါ်က စစ်ကွင်းတာဆုံ ရဲကင်းစခန်းနဲ့ တာဆုံဘုရားနားတပ်စွဲထားတဲ့အကြမ်းဖက်စစ်တပ်စခန်းတွေကိုလည်း မနက်ပိုင်းမှာ ကာကွယ်ရေးတပ်တွေ ဝင်ရောက် တိုက်ခိုက်ခဲ့ကြပါသေးတယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုမှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀)ယောက်နီးပါး သေဆုံးပြီး၊ (၁၀)ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဒီတိုက်ခိုက်မှုကိုတော့ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၂) ကွပ်ကဲမှုအောက်က အမှတ်(၃၈၀၃) တပ်ရင်း၊ Alpha စစ်ကြောင်း၊ Bravo စစ်ကြောင်း၊ အမှတ်(၃၈၀၂) တပ်ရင်း၊ တပ်ခွဲ(၂)၊ တပ်ခွဲ(၃)၊ ဂဠုန်ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့၊ လက်ပံတန်းမြို့နယ်(ပကဖ) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ သာယာဝတီခရိုင် (ပကဖ) ရွှေတန်းမြေတပ်ဖွဲ့ (၁၊၂)၊ ရန်ကုန်တိုင်းပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ (၃)၊ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့(ACDF) တပ်ရင်း(၃)တို့ လုပ်ဆောင်ခဲ့ကြတာလိုဆိုပါတယ်။
အဲ့ဒီ တိုက်ပွဲတွေထဲ စစ်တပ်ထိခိုက်သေဆုံးတာတွေအပြင် တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း တပ်ဖွဲ့ဝင် (၁)ယောက် ကျဆုံးပြီး (၅) ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။
ပဲခူးတိုင်း စစ်ဌာန နယ်မြေအတွင်း အခုလိုမျိုး စစ်ဆင်ရေးတွေ အရှိန်မြှင့် လုပ်ဆောင်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်တပ်စခန်းတွေရဲ့အနီးပတ်ဝန်းကျင်ကို မလိုအပ်ဘဲ သွားလာတာမျိုးတွေ မလုပ်ဆောင်ကြဖို့ နဲ့ စစ်ရေးသတိနဲ့ နေထိုင်သွားလာကြဖို့ပဲခူးရိုးမ PDF -ဗျူဟာ ၂၂ က အသိပေးထားပါတယ်။
