စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ကမ်းဖြူကျေးရွာက ဒေသခံအမျိုးသမီးတွေကို မုဒိမ်းကျင့်ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ယောက် သေဆုံးပြီး PDF ရဲဘော် ၇ ယောက် ကျဆုံးခဲ့တယ်လို့ မတ္တရာမြို့နယ် ပကဖ ကသတင်းထုတ်ပြန် ထားပါတယ်။
ဇန်နဝါရီ ၆ ရက် မနက်ပိုင်းက ရှိန်းမကားစခန်းကနေ ကမ်းဖြူကျေးရွာကို ရောက်ရှိလာတဲ့ အကြမ်းဖက်စစ်သားတွေဟာ ဒေသခံအမျိုးသမီး ၉ ယောက်ကို မုဒိမ်းကျင့်ပြီး တားဆေးတွေထိုးပေးကာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
“မုဒိမ်းကျင့်ခဲ့တဲ့ အမျိုးသမီးတွေက ကမ်းဖြူကျေးရွာဒေသခံတွေပဲ။ ဒီအမျိုးသမီးတွေ စစ်ကြောင်းမှာ ပိတ်မိသွားပြီးတော့ ဖမ်းဆီးခံရတဲ့အခြေနေမှာ ဒီလိုအဓမ္မပြုကျင့်ခဲ့တာ ” လို့မတ္တရာမြို့နယ်ပကဖ သတင်းတာဝန်ခံ ဘိုတောက်က မောင်းကို ပြောပါတယ်။
အဲဒီနောက် အကြမ်းဖက်စစ်သားတွေ ကမ်းဖြူကျေးရွာက ထွက်လာတဲ့အချိန် တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်သား ၁၅ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း မတ္တရာမြို့နယ်ပကဖ ရဲဘော် ၇ ယောက်လည်း မြင့်မြတ်စွာ ကျဆုံးခဲ့ပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီနောက် အကြမ်းဖက်စစ်သားတွေဟာ အနောက်ဘက်ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို မတ္တရာမြို့နယ်ပကဖနဲ့ ရွှေဘိုခရိုင် တပ်ရင်း(၁၈) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာလို့သိရပါတယ်။
Video – ပြည်သူ့ကာကွယ်ရေးအဖွဲ့ – မတ္တရာမြို့နယ်