စစ်တောင်းမြစ်ဝှမ်းဒေသ အောင်မြင်စစ်ဆင်ရေးအဖြစ် တောကျွဲ အင်းမြို့ အပါအဝင် စစ်တပ်စခန်း ၁၄ ခုကို PDF တွေ တိုက်ခိုက်သိမ်းပိုက် ခဲ့တာကြောင့် စစ်အုပ်စုဘက်က အယောက် ၅၀ ကျော် သေဆုံးခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနက သတင်းထုတ်ပြန်လာပါတယ်။
ဒါဟာ အောင်မြင်စစ်ဆင်ရေးအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ PDF တပ်များက ပဲခူးတိုင်း၊ ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်က စစ်အုပ်စုဂိတ်စခန်း(၁၄) ခုကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
တောကျွဲအင်း(ခေါ်) အောင်မြင်မြို့ အပါအဝင် အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက် နဲ့ ကျွဲပွဲမြို့ကြားက စည်ပင်သာကျေးရွာနဲ့ ကျောက်တံခါးမြို့နယ်၊ သာယာကုန်းမြို့၊ မီးရထားလမ်းတံတားက ကင်းစခန်းတွေကို ဇန်နဝါရီလ ၉ ရက် ဒီနေ့မနက်ပိုင်းမှာ ကာကွယ်ရေးတပ်တွေက တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
စစ်ဆင်ရေးအတွင်း တောကျွဲအင်းမြို့(အောင်မြင်မြို့)ကို ခေတ္တထိန်းချုပ်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်တပ်ရဲ့ အုပ်ချုပ်ရေးယန္တရားအဆောက်အအုံတွေဖြစ်တဲ့ ရွေးကောက်ပွဲကော်မရှင်ရုံးနဲ့ နယ်မြေရဲစခန်းတွေကိုပါ တခါတည်း မီးရှို့ရှင်းလင်းနိုင်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ကာကွယ်ရေးတပ်တွေဟာ တောကျွဲအင်းရဲစခန်းမှာ မတရားဖမ်းဆီး ခံထားရတဲ့ အရပ်သား(၈) ယောက်ကိုလည်း စိစစ်လွှတ်ပေးခဲ့ကြောင်းနဲ့ ရန်ကုန် – မန္တလေးလမ်းဟောင်း၊ ညောင်လေးပင်နဲ့ ပိန်းဇလုပ်မြို့ကြားနေရာတွေကိုလည်း လမ်းပိုင်းစစ်ဆေးရေးတွေလုပ်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။


ဒီစစ်ဆင်ရေးကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၃) ကွပ်ကဲမှုအောက်ကအမှတ်(၃၅၀၂) တပ်ရင်း၊ ဗျူဟာ(၂၄) ကွပ်ကဲမှုနဲ့အတူ P27803 အာဠာဝကတပ်ရင်း၊ P23503 ဒေါင်းဖြူတပ်ရင်း၊ P29903 နဂါးနီတပ်ရင်း၊ ဗျူဟာ(၂၅) ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၇၀၂) တပ်ရင်း၊ P29914 အထူးကွန်မန်ဒိုတပ်ရင်း၊ ဗျူဟာ(၂၆) ပူးပါင်းတပ်ဖွဲ့ နဲ့ အုတ်တွင်းမြို့နယ်ပကဖ၊ ဖြူးမြို့နယ်ပကဖတို့က လုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။
ဒီတိုက်ခိုက်မှုတွေထဲ အကြမ်းဖက်စစ်တပ်ဘက်က အယောက် (၅၀)ထက်မနည်း သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့သလို လက်နက်ခဲယမ်း အမြောက်အများကိုလည်း ကာကွယ်ရေးတပ်တွေက သိမ်းဆည်းရရှိခဲ့တယ်လို့လည်း ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။
စစ်ဆင်ရေးထဲ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်လည်း ထိခိုက်ဒဏ်ရာရတာမျိုးတွေရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ကျောက်တံခါးမြို့နယ်၊ သာယာကုန်းမြို့၊ မီးရထားလမ်းတံတားမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကိုလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၉) က ပူးပေါင်းစစ်ဆင်ရေးအဖြစ် တိုက်ပွဲ ဖော်ဆောင်ခဲ့ပါသေးတယ်။
လက်ရှိအခြေအနေအရ ပဲခူးတိုင်းအတွင်းက နတ်တလင်း၊ ဇီးကုန်း၊ မင်းလှနဲ့ ကျောက်တံခါးစတဲ့ မြို့နယ်တွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတွေက စစ်ရေးအရှိန်မြှင့်တဲ့အနေနဲ့ စခန်းသိမ်းတိုက်ပွဲတွေလုပ်ဆောင်နေတာဖြစ်ပြီး အရပ်သားတွေစစ်ရေး သတိရှိဖို့ကိုလည်း သတိပေး ထုတ်ပြန်ထားပါသေးတယ်။




