မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အကြမ်းဖက်စစ်တပ် အင်အားအများအပြားသုံးပြီး ဝင်ရောက်မီးရှို့ခဲ့တာကြောင့် မြို့နဲ့ ၁၀မိုင်အကွာ ကံရပ်ကြီးကျေးရွာ တစ်ရွာလုံးနီးပါး မီးလောင်ပျက်စီးသွားခဲ့ရတယ်လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
ဇန်နဝါရီလ (၈) ရက်၊ မနေ့က မနက်အစောပိုင်းမှာ ပခုက္ကူတပ်မ (၁၀၁) နဲ့ တပ်မ (၉၉) လက်အောက်ခံစစ်ကြောင်း (၂) ခုက စစ်သားတွေဟာ ပခုက္ကူနဲ့မြိုင်မြို့နယ်အစပ်မှာရှိတဲ့ ကံရပ်ကြီးရွာကို အင်အား (၃၀၀) နီးပါးနဲ့ ဝင်ရောက်ကာ အရပ်သားနေအိမ်တွေကို စိတ်တိုင်းကျ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ဒီမီးရှို့မှုကြောင့် အိမ်ခြေ (၂၀၀) ကျော် ရှိတဲ့ ကံရပ်ကြီးကျေးရွာထဲက နေအိမ်ပေါင်း (၁၇၀) ကျော် မီးလောင်ပျက်စီးသွားပြီး အရပ်သားတွေလည်း ဘေးလွတ်ရာတိမ်းရှောင်ခဲ့ရတယ်လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် တာဝန်ရှိသူက ပြောပါတယ်။
ဒါဟာ ရွာလုံးကျွတ်နီးပါး မီးရှို့ခံရတာဖြစ်ပြီး မီးလောင်အားပိုပြင်းစေဖို့ အတွက် စစ်တပ်က ပေါက်ကွဲမှုအားကောင်းတဲ့ ဂတ်(စ်) အိုးတွေကိုပါ မီးရှို့ရာမှာအသုံးပြုသွားတယ်လို့ တာဝန်ရှိသူက ဆက်ပြောပါတယ်။
“ကံရပ်ကြီးက မြေပဲစိုက်၊ နှမ်းစိုက်တဲ့တောင်သူရွာပါ။ အဲ့ဒါကိုတိုက်ပွဲလည်းမဖြစ်ပဲ ဝင်ပြီးရှို့သွားတာပါ။ ရှို့တာကလည်း အရင်ကလို မီးခြစ်နဲ့ယမ်းနဲ့တင်မဟုတ်ပဲ ရှို့ဖို့သက်သက် ရည်ရွယ်ပြီးတော့ကို ဂတ်(စ်)အိုးတွေယူလာတာပါ။ နှစ်သစ်မှာ ပြာချဖို့အတွက်များ လုပ်သလားမသိပါဘူး” လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
ဒါ့အပြင် စစ်ကြောင်းဝင်ရောက်လာချိန် အကြမ်းဖက်စစ်တပ်ရဲ့ သေနတ်ပစ်ဖောက်သံတွေကြောင့် မပြေးနိုင်တဲ့ သက်ကြီးပိုင်း အဘွားအို တစ်ယောက်လည်း နှလုံးရပ်သေဆုံးခဲ့ရတယ်လို့ တာဝန်ရှိသူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလကစလို့ မြိုင်မြို့နယ်အတွင်း လှည့်ပတ်စစ်ကြောင်းထိုးနေတဲ့ တပ်မ (၉၉) လက်အောက်ခံ စစ်ကြောင်းဟာ ပခုက္ကူမြို့အတွင်းကို ဒီဇင်ဘာလကုန်ပိုင်းမှာ ရောက်ရှိသွားခဲ့တာလို့ ဆိုပါတယ်။
အဲ့စစ်ကြောင်းနဲ့ တပ်မ (၁၀၁) စစ်ကြောင်းပေါင်းစုခဲ့တာကြောင့် စုစုပေါင်းအင်အား (၃၀၀)နီးပါးရှိသွားပြီး ပခုက္ကူမြို့နယ်ထဲကို ဆက်ထွက်ခွာလာခဲ့တာလို့ သိရပါတယ်။
အင်အား (၃၀၀) စစ်ကြောင်းဟာ ဇန်နဝါရီလ (၆) ရက်နေ့မှာ ပခုက္ကူမြို့ကနေ စတင်ထွက်ခွာလာခဲ့ပြီး ငဖောင်ကန်ရွာကိုရောက်ရှိခဲ့တယ်လို့ဆိုပါတယ်။
နောက်တစ်နေ့မနက်အစောပိုင်းမှာ ကံရပ်ကြီးကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့တာလို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် တာဝန်ရှိသူက ပြောပါတယ်။

အဲ့ဒီနောက်မှာတော့ စစ်ကြောင်းဟာ ပခုက္ကူ-ကမ္မလမ်းပိုင်းက ညောင်ဂျစ်ပင်ပျူစောထီးရွာကို ညနေပိုင်းဆက်ထွက်သွားခဲ့ပြီး အဲ့ဒီကတဆင့် ကမ္မမြို့ရဲစခန်းကို ရောက်ရှိသွားတယ်လို့ သိရပါတယ်။
ဇန်နဝါရီလ ၉ရက်၊ ဒီနေ့မှာတော့ ကမ္မမြို့ရဲစခန်းမှာ ညအိပ်ခဲ့တဲ့ စစ်ကြောင်းဟာ ကမ္မမြို့ပေါ်က နေအိမ် ၁၁လုံးကို ထပ်မံမီးရှို့ခဲ့ပြီး သရက်ကန်ရွာကို ဆက်လက်ထွက်ခွာသွားတယ်လိို့ သိရပါတယ်။
အကြမ်းဖက်စစ်ကြောင်းကြောင့် လက်ရှိမှာ ကမ္မမြို့ပတ်ဝန်းကျင်အနီးအနား ကျေးရွာတွေ လနဲ့ချီစစ်ဘေးတိမ်းရှောင်နေရတယ်လို့လည်း အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် တာဝန်ရှိသူက ပြောပါတယ်။
