စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအတုအပိုင်း(၁)၊ တောင်တွင်းကြီးမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက်ယှဥ်ပြိုင်တဲ့ စစ်တပ်ပါတီ ကြံ့ခိုင်ရေးရဲ့ ကိုယ်စားလှယ် ယခင်ပြန်ကြားရေးဒုဝန်ကြီးဟောင်း ဦးပိုက်ထွေးဟာ စစ်တပ်လက်ကိုင်တုတ်ပါတီတစ်ခုဖြစ်တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ရဲ့ ကိုယ်စားလှယ်ကို ရှုံးနိမ့်သွားခဲ့တယ်လို့ သိရပါတယ်။
ဒီလိုရှုံးနိမ့်မှုကြောင့် ဦးပိုက်ထွေးဟာ ရွေးကောက်ပွဲ ၃ကြိမ်ဆက် ရှုံးနိမ့်သူအဖြစ် စာရင်းဝင်သွားတယ်လို့လည်း သိရပါတယ်။ ဦးပိုက်ထွေးဟာ ဒီဇင်ဘာလ ၂၈ရက်နေ့က ကျင်းပခဲ့တဲ့ အတုအယောင်ရွေးကောက်ပွဲနေ့မှာ အစပိုင်း ကြိုတင်မဲတွေနဲ့ အသာစီးရခဲ့ပေမယ့်လည်း နောက်ဆုံး အဆင့်ရေတွက်ရာမှာတော့ ပြိုင်ဘက် စစ်တပ်လက်ကိုင်တုတ်ပါတီတစ်ခုပင်ဖြစ်တဲ့ တစညပါတီကိုယ်စားလှယ် ဒေါက်တာကျော်ဆွေ ဆိုသူကို မဲ ၄ထောင်ကျော်အကွာနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်တယ်လို့ သိရတာပါ။
ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက် ပြန်ကြားရေး ဒုဝန်ကြီးဟောင်းနဲ့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့တဲ့ ဦးပိုက်ထွေးအနေနဲ့ စစ်တပ်လက်အောက်ကျင်းပခဲ့တဲ့ ၂၀၁၀ အထွေထွေရွေးကောက်ပွဲမှာ ကံမ မဲဆန္ဒနယ်ကနေ အနိုင်ရခဲ့ပြီးအချိန်ကစလို့ ထပ်မံယှဥ်ပြိုင်ခဲ့တဲ့ ၂၀၁၅၊ ၂၀၂၀ ခုနှစ်တွေမှာ လုံးဝ အနိုင်မရရှိခဲ့တဲ့အပြင် စစ်တပ် လက်ရှိလုပ်နေတဲ့ ၂၀၂၅ ရွေးကောက်ပွဲမှာလည်း မဲဆန္ဒနယ်ပြောင်းပြီးယှဥ်ပြိုင်ရာခဲ့ပေမဲ့ စစ်တပ်လက်ကိုင်တုတ်ပါတီတစ်ခုကို ထပ်မံရှုံးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင် သူ့အနေနဲ့ မဲဆွယ်စည်းရုံးရေးလုပ်ဆောင်ရာမှာ ဆောင်ပုဒ်အဖြစ်အသုံးပြုခဲ့တဲ့ “အရင်လူထက် သာစေရမယ်” ဆိုတဲ့စကားဟာလည်း ပြည်သူတွေကြား ပျက်ရယ်ပြုဝေဖန်တာတွေ ခံခဲ့ရပါသေးတယ်။
တောင်တွင်းကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် စစ်တပ်နောက်ခံပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးအပြင် စစ်တပ်လက်ကိုင်တုတ်ပါတီတွေဖြစ်တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) နဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံဖြိုးတိုးတက်ရေးပါတီ တို့အပြင် မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီမှာ ဝန်ကြီးနေရာရယူခဲ့တဲ့ သက်သက်ခိုင်ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ တို့က ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြတာပါ။
ဒါနဲ့ပတ်သက်ပြီး တောင်တွင်းကြီးမြို့ခံတစ်ဦးကတော့ “ဒီနေရာမှာ ဝင်ပြိုင်တာ အကုန်လုံးက စစ်တပ်ပါတီနဲ့ စစ်တပ်ခိုင်းဖက်ပါတီတွေချည်းပါပဲ၊ တစည ဆိုရင် အရင်အာဏာရှင်ဟောင်း ဗိုလ်နေဝင်းရဲ့ ပါတီ၊ ကျန်တဲ့နှစ်ခုဖြစ်တဲ့ တောင်သူလယ်သမားပါတီနဲ့ သက်သက်ခိုင်ပါတီတွေကလည်း အရိုးအရင်း ကိုက်ရလည်း မနည်းဘူးဆိုပြီး ဝင်ပြိုင်တဲ့ စစ်တပ်လက်ပါးစေပါတီတွေပဲဆိုတော့ ပြည်သူတွေအတွက်ကတော့ ဘယ်ပါတီနိုင်နိုင် ဘာမှ မထူးပါဘူး” လို့ မောင်းကိုပြောခဲ့ပါတယ်။