မကွေးတိုင်း၊ သရက်ခရိုင်၊ သရက်မြို့နယ်အတွင်းက ဆင်ကော်နယ်မြေရဲစခန်းနဲ့ စစ်ကူစစ်ကြောင်းတွေကို (၂) ပတ်ကြာ ပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်ခဲ့တာကြောင့်ထိခိုက်သေဆုံးမှုတွေအပြင် စစ်ကား (၁) စီးနဲ့ သေခံဒရုန်းတွေ မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ သရက်ခရိုင် အမှတ် (၄) တပ်ရင်း သတင်းတာဝန်ခံ ကိုမြတ်က မောင်းကို ပြောပါတယ်။
အင်အား (၃၀) ကျော်နဲ့ တပ်စွဲထားတဲ့ အဲ့ဒီ ဆင်ကော်ရွာရဲစခန်းကို သရက်ခရိုင်အမှတ် (၄) တပ်ရင်းက ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၂၄)ရက်နေ့က စလို့ ဇန်နဝါရီလ (၆)ရက်နေ့အထိ ပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ပြီး အင်အားဖြည့်လာတဲ့ စစ်ကူကားတွေကိုပါ ဖြတ်တောက် မိုင်းဆွဲခဲ့တယ်လို့ ဆိုပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ ရဲစခန်းကို ဝိုင်းပတ်ပိတ်ဆို့ရင်း 122MM ရှော့တိုက်ဒုံးတွေ ပစ်ခတ်တာ၊ တိုက်ခိုက်ရေးဒရုန်းတွေနဲ့ တိုက်ခိုက်တာအပြင် ၆၀ မမနဲ့ လက်လုပ်ဗုံးသီးတွေပါ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုတွေကလည်း စခန်းအတွင်း အခိုင်အမာပြုလုပ်ထားတဲ့ ဘန်ကာနဲ့ လှိုင်ခေါင်းတွေထဲ ပုန်းခိုခုခံခဲ့တဲ့အပြင် သရက် ကပစ (၁၂) ကနေ လက်နက်ကြီးပစ်ကူပေးတာ၊ အသေခံဒရုန်းကြဲချ တိုက်ခိုက်တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၂၈ ရက်နေ့မှာတော့ဆင်ကော်ရဲစခန်းကို စစ်ကူပေးနိုင်ဖို့အတွက် သရက်စခန်းမှူး တင်အောင်မိုး ဦးဆောင်တဲ့ အင်အား(၅၀) ပါ အကြမ်းဖက်စစ်ကြောင်းဟာ သရက်မြို့ကနေထွက်ခွာလာပြီး လက်ရှိမှာ သရက်မြို့နယ်၊ အောက်မမြင့်ကျေးရွာထဲ ဝင်ရောက်တပ်စွဲနေတယ်လို့သိရပါတယ်။
စစ်ကြောင်းဟာ ဆင်ကော်ရွာအထိမတက်လာသေးပဲ အောက်မမြင့်ရွာထဲမှာပဲတပ်စွဲကာ အရပ်သားတွေကို လူသားဒိုင်းလုပ်ဖမ်းဆီးထားသလို နေအိမ်တွေထဲဝင်ရောက် မွှေနှောက်ခိုးယူတာတွေလုပ်ဆောင်နေခဲ့တယ်လို့ ကိုမြတ်က ပြောပါတယ်။
ဒါ့အပြင် ဇန်နဝါရီလ(၃)ရက်နေ့ညပိုင်းကလည်း သရက်အခြေစိုက် ကပစ (၁၂)ကနေထွက်လာတဲ့ အင်အား(၁၀၀) ပါ စစ်ကား(၃)စီးကို မင်းတုန်းမြို့နယ် ပုဇင်းဒါးကျေးရွာနားအရောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
” သူတို့ရဲ့အသေခံဒရုန်း၂စင်းကိုလည်းပစ်ချနိုင်ခဲ့ပါတယ်” လို့ ကိုမြတ်က ပြောပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ကားတစီးမီးလောင်ပျက်စီးပြီးအကြမ်းဖက်စစ်သားတွေ ထိခိုက်သွားတယ်လို့ ကိုမြတ်က ပြောပါတယ်။
” ထိခိုက်သေဆုံးအတည်ပြုနိုင်တာ ၅ယောက်ရှိပါတယ်။ ကားမိုင်းဆွဲတာမှာ ထိတဲ့ကောင်တွေလည်း ဆေးရုံပို့ထားရတယ်ကြားတယ်။ ထိခိုက်ထားတဲ့ သူများတယ်။ စစ်ကူလာတဲ့ ကား၃စီးမှာ၂စီးပျက်စီးတယ်။ ၁စီးကိုသူတို့ပြန်ဆွဲသွားတယ်။ ၁စီးကျန်ခဲ့တယ်။ ကျနော်တို့ကအဲ့တာကိုမီးရှို့နိုင်ခဲ့ပါတယ်” လို့ သရက်ခရိုင် အမှတ်(၄) တပ်ရင်း သတင်းတာဝန်ခံ ကိုမြတ်က မောင်းကို ပြောပါတယ်။

လက်ရှိအခြေအနေအရ ဆင်ကော်ရဲစခန်းအတွက် အောင်လံမြို့ကနေ စစ်ကူတွေရောက်လာပြီး သရက်-မင်းတုန်းလမ်းပိုင်း ကျောက်ကြီးနဲ့ ညောင်ကြပ်ရွာတွေမှာလည်း အင်အား (၂၀၀)နီးပါးဖြန့်ကျက်ထားတဲ့အပြင်မင်းတုန်းမြို့နယ် (၅)မိုင်စစ်ဆေးရေးဂိတ်ကိုပါစစ်ကူရောက်နေတယ်လို့ သိရပါတယ်။
တိုက်ပွဲရက်တွေထဲအကြမ်းဖက်စစ်တပ်ရဲ့လက်နက်ကြီးနဲ့ ဒရုန်းတွေကြောင့် ဆင်ကော်နဲ့မြို့လှရွာက အရပ်သားနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပြီး အရပ်သားအများအပြားစစ်ရှောင်နေရတယ်လို့လည်း သရက်ခရိုင် အမှတ်(၄) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ဆင်ကော်ရဲစခန်း စစ်ကူပေးနိုင်ဖို့ နဲ့ရွေးကောက်ပွဲအတုကျင်းပနိုင်ရေးအတွက် မင်းတုန်းနဲ့ သရက်မြို့နယ်တွေထဲ စစ်ကြောင်းတွေခွဲထိုးနေပြီး နှစ်ဖက်စစ်ရေးတင်းမာနေတာကြောင့် အရပ်သားတွေသတိပြုနေထိုင်ကြဖို့လည်း သရက်ခရိုင် အမှတ်(၄) တပ်ရင်းက တိုက်တွန်းထားပါတယ်။
