မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ စစ်အုပ်စုတပ်စွဲထားတဲ့ ညောင်ပင်သာရွာ ဘုန်းကြီးကျောင်းကို စီးနင်းတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြီး ခဲယမ်းအများအပြား သိမ်းဆည်းရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၂) တပ်ရင်း သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ရက်နေ့က နွားထိုးကြီးမြို့နယ်၊ ညောင်ပင်သာရွာ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ သိရတာပါ။
အဲ့ဒီနောက် ၂နာရီကြာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး ခဲယမ်းအများအပြားရရှိခဲ့အပြီး အောင်အောင်မြင်မြင် ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို မြင်းခြံခရိုင် အမှတ် (၂) တပ်ရင်း သတင်းတာဝန်ရှိသူက ပြောပါတယ်။
“စခန်းဆိုပေမယ့် အခိုင်အမာတော့ မဟုတ်ဘူး။ ဘုန်းကြီးကျောင်းထဲ ဒီတိုင်းတပ်စွဲထားတာ။ အဲ့တာတိုက်ပွဲဖြစ်ပြီး သူတို့ဘက်က သေနတ်နဲ့အလောင်းတွေကို ပြန်ကောက်သွားတော့ လက်နက်မရလိုက်ပဲ ခဲယမ်းတွေပဲ ရခဲ့တာပါ” လို့ မြင်းခြံခရိုင် အမှတ်(၂) တပ်ရင်း သတင်းတာဝန်ရှိသူက မောင်းကိုဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် (၂) တပ်ရင်း နဲ့အတူ မြင်းခြံခရိုင်တပ်ရင်း(၁၊ ၄၊ ၁၀)၊ မြင်းခြံခရိုင်ပကဖ၊ မြင်းခြံခရိုင် အမှတ် ( ၉၉၂၄) တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က ထိခိုက်သေဆုံးတယ်လို့ ကြားသိရပေမဲ့၊ ဒီ့အပေါ် မောင်းအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
မြင်းခြံခရိုင်တပ်ရင်း(၂)အနေနဲ့ ဇန်နဝါရီလ ၆ရက်နေ့မှာလည်း မြင်းခြံမြို့နယ်၊ လေးအိမ်တန်းရွာက ရွှေညောင်ပင်စစ်တပ်ဂိတ်ကို မဟာမိတ်တွေနဲ့အတူ သွားရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။
ယခုရက်ပိုင်းများအတွင်း မြင်းခြံခရိုင်အတွင်းက မြင်းခြံ၊ နွားထိုးကြီးနဲ့တောင်သာမြို့နယ်တွေမှာ အကြမ်းဖက်စစ်အုပ်စုစစ်ကြောင်းတွေနဲ့ ထိတွေ့မှု့တွေအပြင် စစ်တပ်တပ်စွဲရာ ဂိတ်စခန်းတွေဆီကိုပါ တော်လှန်ရေးတပ်ရင်းတွေက ဝင်ရောက်စီးနင်းတိုက်ခိုက်နေတာဖြစ်ပါတယ်။

