မန္တလေးတိုင်း၊မြင်းခြံခရိုင်၊မြင်းခြံမြို့မှာ Myingyan Black Tiger မြင်းခြံခရိုင်အမှတ်(၉) တပ်ရင်းနဲ့အတူပူးပေါင်းတပ်ဖွဲ့တွေက ဇန်နဝါရီ ၆ ရက်နေ့ တစ်ရက်တည်းမှာ တိုက်ခိုက်ရေးနှစ်ကြိမ်ဖော်ဆောင်လိုက်ပြီး အကြမ်းဖက်စစ်သား ၁၃ ယောက် သေဆုံး သွားတယ်လို့ ဒီကနေ့ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်နေ့မှာ မြင်းခြံမြို့ ပိုက်တဲကုန်းကျေးရွာအနီးကင်းပတ်နေတဲ့ အကြမ်းဖက်စစ်သားတွေကိုကြားဖြတ်တိုက်ခိုက်ရာမှာ သုံးယောက်သေဆုံးသွားတာလို့ ဆိုပါတယ်။
အဲဒီနေ့မှာပဲ လေးအိမ်တန်းကျေးရွာ အကြမ်းဖက်စစ်တပ် ရွှေညောင်ပင်ဂိတ်ကို MBT နဲ့ မဟာမိတ်တွေကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၁၀ ယောက်သေဆုံးခဲ့ပြီး ၂ ယောက်အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။


ဒီတိုက်ခိုက်မှုတွေကို Myingyan Black Tiger (MBT)မြင်းခြံခရိုင်အမှတ် (၉) တပ်ရင်းနဲ့အတူ MGN အညာသားပြောက်ကျားတပ်၊ Onemore စစ်ကြောင်း၊ မြင်းခြံခရိုင်အမှတ် (၂) တပ်ရင်း အပါအဝင် မိုရှည်ဒါးယမ်းအဖွဲ့၊ YLK တပ်ဖွဲ့နဲ့ အမေ့လက်ရုံးတပ်ဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း မန္တလေးတိုင်း၊မြင်းခြံခရိုင်၊နွားထိုးကြီးမြို့နယ်၊ ကုကုန်းရွာ၊ ကျောက်ပြုတ်ရွာတွေမှာတိုက်ခိုက်ရေးဖော်ဆောင်နိုင်လို့ အကြမ်းဖက်စစ်သားတွေ သေဆုံးမှုရှိခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
