အတုအယောင် ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပနိုင်ဖို့အတွက် မကွေးတိုင်း၊ မြို့သစ်မြို့နယ်ထဲကို လှည့်လည် စစ်ဆေးနေတဲ့ စစ်အုပ်ရဲ့ ယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲ့လိုတိုက်ခိုက်ခဲ့ တဲ့အတွက် စစ်တပ်ဘက်က မြို့နယ်မှူး တယောက်အပါအဝင် ၈ ယောက် သေဆုံးခဲ့ပြီး လက်နက်တချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ နတ်မောက်ဂဠုန် PDF အဖွဲ့ဆီက သိရပါတယ်။
မနေ့က ဇန်နဝါရီလ ၆ ရက်နေ့၊ နေ့လယ် ၁ နာရီခွဲအချိန်မှာ စစ်အုပ်ရဲ့ ကား ၄ စီးပါ ယာဉ်တန်းကို တော်လှန်ရေးတပ်တွေက မြို့သစ်မြို့နယ်၊ ရွှေပန်းကျေးရွာအနီး ကန်ပြားလမ်းပိုင်းတနေရာမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
သေဆုံးမှုဟာ မျက်မြင်ဖြစ်ပြီး စစ်တပ်ဘက်က သေဆုံးသွားသူတွေထဲမှာ မြို့နယ်ရဲမှူး ထွန်းလင်းအောင်၊ အရာရှိ တစ်ယေက်၊ တပ်ကြပ် ငါးယောက်နဲ့ ဒုရဲအုပ်တစ်ယောက်တို့ ဖြစ်ကာ ၎င်းတို့ထံမှ G3 သေနတ် (၂) လက်၊ ကျည် (၁၆၁) တောင့်နဲ့ ကျည်ဘောက် (၃) ခုကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
“လာမှာကို ကြိုသိခဲ့ပါတယ်။ လမ်းကြောင်းကားဗျ။ အရာရှိတွေပါတဲ့ ကားလေးစီးပါ” လို့ နတ်မောက်ဂဠုန် PDF အဖွဲ့မှ ဗိုလ်အောင်ဒင်က မောင်းကို ပြောပါတယ်။
အဲဒီကား ၄ စီးဟာ ရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပနိုင်ဖို့အတွက် မကွေးတိုင်းအတွင်းက မြို့နယ် (၁၁) မြို့နယ်ကို နယ်လှည့်စစ်ဆေးဖို့ နေပြည်တော်က ထွက်ခွာလာခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင် ဗဟိုအဆင့်နဲ့ တိုင်းအဆင့်တွေပါ လိုက်ပါစီးနင်းလာတာ ဖြစ်တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်း ယာဉ်တန်း ၄ စီးအနက် ၃ စီး တိမ်းမှောက်ပျက်စီးသွားပြီး ကျန် ၁ စီးကတော့ ထွက်ပြေး လွတ်မြောက်သွားတယ်လို့ သိရပါတယ်။
“မြို့သစ်စခန်းမှူး၊ မြို့နယ်မှူးပါ သေဆုံးမူထဲပါပါတယ်။ လက်ရှိ ရွှေပန်းမှာ ပိတ်ဆို့စစ်ဆေးပြီး ရှာဖွေမှုတွေ လုပ်နေကြပါတယ်” လို့ သူက ဆက်ပြောပါတယ်။
အဲ့ဒီ တိုက်ခိုက်မှုကို နေပြည်တော်တိုင်းစစ်ဌာန အမှတ် (၉၀၃) တပ်ရင်းက ဆောင်ရွက်ခဲ့တာဖြစ်ပြီး စစ်ဆင်ရေးအတွက် ၆ ရက် စီမံဆောင်ရွက်ခဲ့ရတယ်လို့ သိရပါတယ်။