ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ် ညောင်ကျိုးတိုက်ပွဲမှာ အာရက္ခတပ်တော် (AA) ရဲ့ တိုက်ခိုက်မှုကြောင့် စကခ ၁၀ တပ်မမှုးဖြစ်သူ ဗိုလ်မှူးကြီးတစ်ဦးနှင့် ဗိုလ်ကြီးနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီကသိရပါတယ်။
AA နဲ့ တိုက်ခိုက်မှုအတွင်း သေဆုံသွားသူတွေမှာ စကခ ၁၀ ရဲ့ တပ်မမှူး ဗိုလ်မှူးကြီးဟန်လင်းအောင်၊ ဗိုလ်ကြီးနှစ်ယောက်နဲ့ တပ်သား ၁၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး AA ကွန်မန်ဒိုစစ်ကြောင်းက ညောင်ကျိုးအတွင်းက ၆၆၆ ကုန်း နဲ့ ကပစ ၁၆ အကြားမှာ စခန်းချနေတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
“ဗိုလ်မှူးကြီး ဟန်လင်းအောင်က စစ်တက္ကသိုလ် အပတ်စဉ် ၄၃ ဆင်း၊ ပြီးတော့ စအခ ၁၀ရဲ့ စအခမှူးပဲ။ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက ညောင်ကျိုးတခွင်မှာ စအခမှူးနဲ့ တပ်မမှူး ပိတ်ခံထားရတယ်လို့ သတင်းရတယ်။ ဆိုတာ့ ၂၀၂၆ နှစ်ဆန်းပိုင်းမှာ တပ်မမှူးအဆင့် ၁ယောက်ကို သတ်ဖြတ်နိုင်ခဲ့တယ်လို့ ကျွန်တော်ကတော့ သုံးသပ်ပါတယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းကို ပြောပါတယ်။
ဒါ့အပြင် တပ်မမှူးနဲ့တူတူ ဗိုလ်ကြီးအဆင့် Caption နှစ်ယောက်ဖြစ်တဲ့ စီနီယာအဆင့် ဗိုလ်ကြီး နှစ်ယောက်ပါသေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“သူတို့ အလောင်းကောက်ဖို့ ကြိုးစားကြသေးတယ်။ နောက်ပိုင်းအလောင်းပါ မရတော့တဲ့ အခြေအနေဖြစ်သွားတာ။ အနေအထားကတော့ အရာရှိ ၃ယောက်ကလည်း သေချာတာကတော့ အမှတ် ၁၀ စစ်ဆင်ရေး ဌာနချုပ်က ကွန်မန်တာတွေ။ စစ်ဦးစီးအဖွဲ့တွေလို့ပဲ သေချာပေါက် သုံးသပ်ပါတယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။
လက်ရှိမှာ ပန်းတောင်းတပ်နယ်ထဲက မသုန်ကျေးရွာနဲ့ ပွိုင့် ၆၆ ရဲ့ လမ်းပိုင်းတွေက AA တပ်ဖွဲ့ဝင်တွေဟာ မိုင်းတွေထောင်ပြီးစစ်တပ်ဘက်က စစ်ကူလာသမျှ စစ်ကြောင်းတွေကို ရှင်းလင်းတိုက်ခိုက်နေတဲ့ အခြေအနေလို့ သိရပါတယ်။
ဒါ့အပြင် အနီးနားမှာကလည်း စစ်တပ်ရဲ့ ယမ်းချက်စက်ရုံ ကပစ ၁၆ တည်ရှိနေတာကြောင့် စစ်တပ်က လေကြောင်းပစ်ကူကို အသုံးပြုလို့ မရပဲ အထိနာနေတာလို့ဆိုပါတယ်။
