တော်လှန်ရေးတပ်ဖွဲ့ဝင်တွေမြုပ်နှံထားရာ အုတ်ဂူတွေအပေါ် ခြေထောက်တင် ဖိနပ်ကြိုးစီးပြတဲ့ အကြမ်းဖက်စစ်တပ်လော်ဘီ ကျော်စိုးဦးဆိုသူရဲ့လုပ်ရပ်ဟာ အမတန်ရိုင်းစိုင်းအောက်တန်းကျကြောင်း တော်လှန်ရေးအင်အားစုတွေနဲ့ တော်လှန်ပြည်သူတွေက ပြင်းပြင်းထန်ထန် ပြောဆိုနေကြပါတယ်။
စစ်တပ်လော်ဘီဖြစ်တဲ့ ကျော်စိုးဦးနဲ့ မဘသအစွန်းရောက်သတင်းထောက် နောင်တော်လေးဆိုသူတို့က စဥ့်ကူးနဲ့ မတ္တရာမြို့နယ်တွေထဲက စစ်အုပ်စု ပြန်လည်ရရှိထားရာနယ်မြေတွေကို သွားရောက်ရင်း ကျဆုံးတော်လှန်ရေးတပ်ဖွဲ့ဝင်တွေ မြုပ်နှံထားတဲ့ အုပ်ဂူတွေအပေါ် ရိုင်းစိုင်းစော်ကားတဲ့လုပ်ရပ်တွေ လုပ်ဆောင်ခဲ့တာလို့ သိရတာပါ။
ဇန်နဝါရီလ ၆ ရက်၊ မနေ့က ၎င်းတို့တင်ခဲ့တဲ့ ရုပ်သံဖိုင်အတွင်း အကြမ်းဖက်စစ်တပ်လော်ဘီ ကျော်စိုးဦးက နောင်တော်လေးဆိုသူကို မှတ်တမ်းတင်ခိုင်းရင်း အုတ်ဂူပေါ် ဖိနပ်ကြိုးဟန်လုပ်စီးပြကာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်ပုံတွေပေါ်ကိုပါ ရည်ရွယ်ချက်ရှိရှိ ခြေထောက်နဲ့ နင်းပြခဲ့တာ ဖြစ်ပါတယ်။
ပါးစပ်ကလည်း “ဖိနပ်ကြိုးလျော့နေရင် မနေတတ်ဘူး။ ရှုးကြိုးကိုချည်တာတောင် ပဒတ်တွေရဲ့ အုပ်ဂူပေါ်ပဲ ချီချင်တာဗျ။ ဖိနပ်ကလည်း တရုတ်ပြည်က ဝယ်လာတာ။ အမှတ်တရအနေနဲ့ ရှမ်းမြောက်က ပလောင်တွေရဲ့နေရာကိုလည်း ဒီဖိနပ်နဲ့ သွားနင်းထားတာ၊ ဒီကိုလာတော့လည်း ဒီဖိနပ်ပဲ စီးလာတာ၊ မိုးကုတ်ကိုလည်း ဒီဖိနပ်ကိုပဲ စီးသွားဦးမှာ” ဆိုပြီး ပြောဆိုထားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ လပိုင်းတွေထဲ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်တွေ မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်တွေကနေ ဆုတ်ခွာပေးလိုက်ရပြီးနောက်ပိုင်း ဆက်စပ်နေတဲ့ မန္တလေးတိုင်းအတွင်းက မတ္တရာနဲ့ စဥ့်ကူးမြို့တွေကို စစ်အုပ်စုက အင်အားအလုံးအရင်းနဲ့ ဆက်လက်ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။
ဒီနေရာမှာ လေကြောင်းနဲ့ လက်နက်ကြီးအလွန်ကျွံသုံးတာ၊ မြေပြင်စစ်အင်အားအလုံးရင်းအသုံးချပြီး စစ်အုပ်စုက တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားရာ နယ်မြေအများအပြားကို ပြန်လည်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ဒီအပေါ် အကြမ်းဖက်စစ်တပ်လော်ဘီကျော်စိုးဦးက ရည်ညွန်းပြောဆို စော်ကားခဲ့တာဖြစ်ပြီး ဒီလုပ်ရပ်အပေါ် စစ်တပ်ထောက်ခံသူတွေက အောင်ပွဲခံပျော်ပါးနေကြတာလို့လည်းသိရပါတယ်။
ကျော်စိုးဦးရဲ့ လုပ်ရပ်အပေါ် တော်လှန်ရေးတပ်ဖွဲ့ဝင်ယောက်ကတော့ အင်မတန်ဆိုးဝါး အောက်တန်းကျတဲ့ လုပ်ရပ်ဖြစ်ကြောင်းနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ယုတ်မာရိုင်းစိုင်းတဲ့ဝါဒမှိုင်းတွေကို တွေ့ရတယ်လို့လည်း ထောက်ပြ ပြောဆိုထားပါတယ်။
” သူတို့အဆင့်က အုတ်ဂူအနီကို ထုံးသုတ်ပြီးတောင် ဖျက်ဆီးရတဲ့အဆင့်ပါ။ သူလုပ်ရပ်က အရမ်းအောက်တန်းကျလွန်းလို့ ပြည်သူတွေရဲ့ဒေါသကို ဒီကောင်ခံရတော့မယ်” လို့ တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက မောင်းကို ပြောပါတယ်။
ကျော်စိုးဦးဟာ ပြီးခဲ့တဲ့ ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်တွေထဲမှာ သတင်းပြောဆိုချက်တွေနဲ့ပတ်သက်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ခေါ်ယူဖမ်းဆီးမှုကို နှစ်ကြိမ်တိုင်တိုင်ခံခဲ့ထားရေပေမဲ့ ပြန်ထွက်လာချိန်ကစလို့ စစ်တပ်ရဲ့လုပ်ရက်တွေအပေါ် အလွန်အကျွံ အမွှန်းတင်ပြီး ပြောင်ပြောင်တင်းတင်း လိမ်လည်ဝါဒဖြန့်လာတာ ဖြစ်ပါတယ်။